10/01/2009

မြို့တော် ခန်းမကြီး တ၀ိုက်နှင့် ရန်ကုန်မြို့အနှံ့ ရေကြီး ရေလျှံဖြစ်

မျိုးချစ်သူ | ယမန်နေ့ ညနေက သည်းထန်စွာ ရွာသွန်းခဲ့သော မိုးကြောင့် ရန်ကုန်မြို့အနှံ့ ရေကြီးရေလျှံဖြစ်ကာ ပြည်သူအများ သွားရေးလာရေး အဆင်မပြေဖြစ်ကြရကြောင်း မြို့ခံများက ပြောသည်။

မိုးရွာသွန်းပြီး ရေကြီးခဲ့သဖြင့် မင်္ဂလာတောင်ညွန့်၊ တာမွေ၊ အင်းစိန်၊ ကမာရွတ်၊ ဗဟန်းနှင့် အခြားမြို့နယ်တို့တွင် လိုင်းကားများ ရပ်သွားခဲ့သည်ဟု ရန်ကုန်မြို့ခံတဦးက ပြောသည်။

“ကားတွေ ရေထဲနစ်သွားတယ်၊ စက်တွေရပ်သွားတဲ့အတွက် ကားစီးရေလျော့သွားတယ်။ ဒါကြောင့် ခရီးသည်တွေ စုပုံသွားတာ။ မနေ့က ညနေမှာ တက္ကစီငှားပြန်ရတဲ့သူတွေချည်း တွေ့ရတယ်ဗျ၊ လိုင်းကားတွေက ရပ်သွားတာကိုး” ဟု ၎င်းက ပြောသည်။

ယမန်နေ့ကရွာသည့် မိုးရေချိန်သည် (၇) လက္မကျော်ရှိကြောင်း မိုးလေ၀သစခန်းမှသိရသည်ဟု စည်ပင်အရာရှိတဦးက ပြောသည်။

မကြာသေးမီက ထုတ်ဝေသည့် The Voice ပြည်တွင်း သတင်း ဂျာနယ်တွင် ရန်ကုန် မြို့တော်ဝန် ဗိုလ်မှူးချုပ် အောင်သိန်းလင်းက ရန်ကုန်မြို့ ရေကြီး ရေလျှံ ဖြစ်ခြင်းကို ရေစုပ်စက် (၁၄) လုံးဖြင့် ကာကွယ်မည်ဟု ပြောဆို ခဲ့သော်လည်း လက်တွေ့တွင် မြို့နယ်တိုင်းလို ရေလျှံခဲ့ကြောင်း တာမွေ မြို့နယ်တွင် နေထိုင်သူတဦးက ပြောသည်။

ရေကြီး ရေလျှံခြင်း မဖြစ်စေရန် အတွက် ယခုနှစ်တွင် ရေမြောင်းများ ထပ်မံ တိုးချဲ့ ဆောင်ရွက်ခြင်း လုပ်ငန်းများကို မြို့တော် စည်ပင်က ယခင်နှစ်ထက် ပိုမို ဆောင်ရွက်လျက် ရှိကြောင်းလည်း ပြည်တွင်းထုတ် သတင်း ဂျာနယ်များက ရေးသားကြသည်။

အငြိမ်းစား စည်ပင် အရာရှိ တဦးကမူ ရန်ကုန်မြို့ကို စနစ်တကျ ပြုပြင်ရန် အတွက် ငွေအင်အား၊ လုပ်သား အင်အားနှင့် စေတနာ အင်အားများ လိုအပ်ကြောင်း၊ စည်ပင် အရာရှိများသည် မြို့တော်ဝန် ချပေးသည့် project တခုရပါက ကိုယ့်အတွက် မည်မျှ ကျန်မည် ဆိုသည်ကို တွက်၍ လုပ်နေကြသည်ဟု ပြောဆိုသည်။

၎င်းက “ရန်ကုန်က လူတွေက စည်ပင် အကြောင်းကို သိပြီးသား ဖြစ်နေကြပြီ။ သူတို့ လုပ်တာကိုသာ မြင်တာ၊ လူတွေ အတွက် အကျိုးခံစားရတာ နည်းတယ်” ဟု ပြောသည်။

ယမန်နေ့က ရွာခဲ့သောမိုးကြောင့် ရန်ကုန်မြို့တွင်း မြို့နယ်များနှင့် ရန်ကုန် စည်ပင်သာယာရေး ကော်မတီရှိရာ မြို့တော် ခန်းမကြီးဘေး ပတ်ဝန်းကျင်တွင်လည်း ရေကြီး ရေလျှံ ခဲ့သည်။

source by : ခေတ်ပြိုင်

0 ယောက်ရဲ့ထင်မြင်ချက်: