10/01/2009

အက်ဖ်ဒီအေ၏ စစ်ဆေးမှု လုပ်ငန်းရှင်များ စိုးရိမ်

အောင်ကျော်မိုး | မြန်မာနိုင်ငံ ဈေးကွက် အတွင်းရှိ အစားအသောက်နှင့် ဆေးဝါးများကို မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေး ဌာန (အက်ဖ်ဒီအေ) က ဘက်လိုက် စစ်ဆေးမှုများ ရှိနေခြင်းကြောင့် လုပ်ငန်းရှင် အချို့ စိုးရိမ် မကင်း ဖြစ်နေကြသည်။

ထိုင်းနိုင်ငံမှ တင်သွင်းသည့် အချိုရည်များ အနက် Sponsor တံဆိပ်အချိုရည်ကို အက်ဖ်ဒီအေက စစ်ဆေးပြီး ယင်းတံဆိပ် အချိုရည်သည် ပုလင်းဟောင်းများကို ပြန်သုံးသည့်အတွက် သောက်သုံးရန်မသင့်သည့်အကြောင်း ကြော်ငြာစာကို စက်တင်ဘာ (၂၅) ထုတ် သတင်းစာများတွင် ထည့်သွင်းဖော်ပြထားသည်။

ယင်းကြော်ငြာစာကြောင့် လုပ်ငန်းနစ်နာဆုံးရှုံးမှုများနှင့် ရင်ဆိုင်နေရသည်ဟု ထိုင်းနိုင်ငံထုတ် အချိုရည်နှင့် စားသောက်ကုန်များ တင်သွင်းနေသူ လုပ်ငန်းရှင်တဦးက ပြောဆိုသည်။

၎င်းက “ဒါဟာ ကျနော်တို့ မူရင်း Sponsor အချိုရည်ပုလင်းတွေ မဟုတ်ဘူး။ ကျနော်တို့ရဲ့ ပုလင်း အဟောင်းကို သုံးပြီး လုပ်ထားတာတွေ။ ဒါပေမယ့် အက်ဖ်ဒီအေက ဒီလို ကြေညာလိုက်တော့ ဈေးကွက် ထဲက၊ နောက် ဟိုတယ်တွေ စားသောက်ဆိုင်ကြီးတွေမှာ ဖြန့်ထားတဲ့ ကျနော်တို့ Sponsor ပုလင်းတွေ လိုက်သိမ်း ရတော့မယ်။ ငွေကြေး အများကြီး ဆုံးရှုံးမယ်။ ဒီလုပ်ရပ်ဟာ ရိုးရိုးသားသားပဲ လုပ်တာလား၊ ဒါမှမဟုတ် နောက်ကွယ်မှာ စီးပွားရေး တိုက်ကွက်ပါနေသလား မသိဘူး” ဟု ပြောသည်။

အဆိုပါ ကြော်ငြာတွင် Sponsor အချိုရည်ကို ဓာတ်ခွဲကြည့်ရာတွင် အနုဇီဝ ပိုးများပါသဖြင့် သောက်သုံးပါက မူးဝေအော့အန်၊ ၀မ်းပျက် ၀မ်းလျော ဖြစ်ကာ အစာ အဆိပ်သင့်မည်ဟု ဖော်ပြပါရှိသည်။

အလားတူ ဇူလိုင်လ (၂၅) ရက်တွင် အစိုးရက စားသုံးရန်မသင့်ဟု ကြေညာခဲ့သည့် မလေးရှား စားအုန်းဆီပုံးများသည် ဆီသန့်များဖြစ်ပြီး မလေးရှား၌လည်း ယနေ့ထက်တိုင် စားသုံးနေကြဆဲဖြစ်ကြောင်း ဘုရင့်နောင်ပွဲရုံမှ စားဆီတင်သွင်းဖြန့်ဖြူးသူတဦးက ပြောသည်။

အဆိုပါ မလေးရှား စားဆီပုံးအချို့ကို ကော့သောင်းဘက်တွင် ဖမ်းမိပြီး ရန်ကုန်သို့ပို့ရာ၌ တာဝန်ခံ သယ်လာသည့် ရဲများက စားဆီ အကောင်း တို့ကို ထုတ်ယူကာ စားမရသည့်ဆီအပျက်များကို ပြန်ထည့်ထားပြီး အဆိုပါ ပါကင်ဖွင့်ပြီးသား စားဆီပုံးများကို ရဲက အက်ဖ်ဒီအေတွင် သွားရောက် စစ်ဆေးသည့် အတွက် ယခုကဲ့သို့ စားသုံးရန် မသင့်ဆိုသည့် အဖြေထွက်လာကြောင်း ၎င်းက ရှင်းပြသည်။

“ဒိနောက်ပိုင်း ကော့သောင်းက ထပ်ဝင်လာတဲ့ စားဆီပုံးတွေကို သိမ်းသွားပြီး ရန်ကုန်ကို စားအုန်းဆီတင်သွင်းနေတဲ့ ထူးကုမ္ပဏီလည်း အဆမတန်အမြတ်ထွက်သွားတော့ စီးပွားရေး အကွက်ဆင်သလားပဲ ယူဆရတယ်။ မလေးရှားကုမ္ပဏီကို စားသုံးဖို့ သင့်မသင့်ဆိုတာ အချိန်မရွေး လှမ်းမေးလို့ ရနိုင်ရက်သားနဲ့လေ” ဟု ဘုရင့်နောင်ပွဲရုံမှ စာဆီဖြန့်ဖြူးသူက ဆက်လက်ပြောဆိုသည်။

အက်ဖ်ဒီအေသည် ပြီးခဲ့သည့်လများကလည်း လက်ဖက်တွင် ဆိုးဆေးတွေ့သည်ဟုဆိုကာ ယုဇနလက်ဖက်မှလွဲ၍ အားလုံးလိုလိုကို စားသုံးရန်မသင့်ကြောင်း ကြေညာခဲ့သည်။

စင်ကာပူမှ စစ်ဆေးရေးအဖွဲ့၏ စစ်ဆေးချက်အရမူ ယုဇနလက်ဖက်၌လည်း ဆိုးဆေးပါနေသည်ကို တွေ့ရှိခဲ့သဖြင့် လက်ဖက်ထုတ်လုပ်သည့် စီးပွားရေးလုပ်ငန်းရှင်များ မကျေမနပ် ဖြစ်ခဲ့ဖူးကြောင်း သိရသည်။

ဘုရင့်နောင်ပွဲရုံမှ စီးပွားရေးလုပ်ငန်းရှင်တဦးကမူ အက်ဖ်ဒီအေ၏ လုပ်ရပ်သည် ပြည်သူများ ကျန်းမာရေးအတွက် ကောင်းသော်လည်း စီးပွားရေးသဘောအရ စည်ပင်သာယာ၊ ရဲနှင့် တစုံတဦးက လာရောက်အပ်နှံသည်တို့ကို မဆင်မခြင် စစ်ဆေးပြီး ကြေညာချက်မထုတ်သင့်ကြောင်း ပြောဆိုသည်။

၎င်းက “တံဆိပ်ကောင်းတခုကပစ္စည်းထဲမှာ မစားသောက်သင့်တာတွေ ထည့်ထားတာကို စစ်ဆေးပြီး စားသုံးဖို့ မသင့်လို့ ကြေညာ လိုက်ရင် အဲဒီ တံဆိပ် ထုတ်လုပ်သူနဲ့ တင်သွင်းသူတွေ နစ်နာကြတယ်။ ကိုယ့်ဘာသာကိုယ် အမှီအခိုကင်းကင်းနဲ့ လုပ်သင့်တယ်” ဟု ပြောသည်။

အက်ဖ်ဒီအေသည် ယခုအခါ ထိုင်းနိုင်ငံမှ တင်သွင်းသည့် ကြက်သားမှုန့်များကို စစ်ဆေးနေကြောင်း စုံစမ်းသိရသည်။

source by : ခေတ်ပြိုင်

0 ယောက်ရဲ့ထင်မြင်ချက်: