မြစ်ကြီးနား မြို့နယ် အတွင်း ရပ်ကွက် အလိုက် ပါတီ စည်းရုံးရေး ကော်မတီများ ဖွဲ့စည်း
ခိုင်လင်း | ရွေးကောက်ပွဲ ပါဝင် ယှဉ်ပြိုင်ချိန်၌ အဆင်သင့် ဖြစ်နိုင်ရန် ကချင်ပြည်နယ်၊ မြစ်ကြီးနား မြို့ပေါ်ရှိ ရပ်ကွက်များ အလိုက် ပါတီ စည်းရုံးရေး ကော်မတီ များကို စတင် ဖွဲ့စည်းနေသည်။
မြစ်ကြီးနားမြို့၊ အေးမြသာယာ ရပ်ကွက်ရှိ ရပ်ကွက် ရယကရုံးတွင် ရပ်မိရပ်ဖ အင်အား (၃ဝ) ခန့်ကို ရွေးချယ် ခေါ်ယူပြီး မြို့နယ် အဆင့် ပါတီ စည်းရုံးရေး ကော်မတီ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများ ရှေ့မှောက်၌ (၂၅) ဦး ပါဝင်သည့် ရပ်ကွက် စည်းရုံးရေး ကော်မတီ တခုကို ယမန်နေ့က ဖွဲ့စည်း ခဲ့သည်ဟု မြစ်ကြီးနား မြို့ခံ တဦးက ပြောသည်။
၎င်းက “မြို့နယ် ကော်မတီ ဥက္ကဋ္ဌ ထွန်းမြင့်နိုင်၊ သူက ဗိုလ်မှူးဟောင်း၊ အတွင်းရေးမှူးက အရင် ကချင်ရိုးရာ ယဉ်ကျေးမှု ကော်မတီ ဥက္ကဋ္ဌဟောင်း ဦးခက်ထိန်နန်၊ သူတို့က လာမယ့်ရွေးကောက်ပွဲမှာ ပါတီတရပ်အနေနဲ့ ဝင်ရောက် ယှဉ်ပြိုင်တဲ့ အခါ အဆင်သင့် ဖြစ်နိုင်အောင် စည်းရုံးရေး ကော်မတီ ဖွဲ့ဖို့ရှိတယ် ဆိုပြီး တခါတည်း တက်လာတဲ့ သူတွေထဲကနေ ရပ်ကွက် စည်းရုံးရေး ကော်မတီတွေ ဖွဲ့လိုက် ကြတာ။ (၂၅) ဦးပါ ကော်မတီ အဖွဲ့ကို အခုလူတွေနဲ့ ဖွဲ့စည်း လိုက်တယ် ဆိုတာ သဘောတူကြောင်း လက်မှတ် ထိုးပေး ကြရတယ်” ဟု ပြောသည်။

အခြား အောင်နန်း၊ ရှမ်းစုတောင်၊ ရှမ်းစုမြောက်၊ ရန်ကြီးအောင် စသည့် ရပ်ကွက် များတွင်လည်း အလားတူ ကော်မတီ အဖွဲ့များ ပြီးခဲ့သည့် ရက်များ အတွင်း ဖွဲ့ပြီးသွားသည်ဟု အဆိုပါ ဒေသခံက ပြောသည်။
၎င်းက “တချို့က ကြံ့ခိုင်ရေး အသင်းကလူတွေ ပါတယ်ဆိုတော့ ပြဿနာမရှိဘူး။ တချို့ကကျတော့ ဘယ်ဘက်မှ မပါတဲ့ ကြားနေတဲ့သူတွေ၊ ခယက၊ မယကလူကြီးတွေနဲ့လည်း ခပ်ရှောင်ရှောင်နေ၊ အန်အယ်လ်ဒီ တွေနဲ့လည်း ရောရောနှောနှော မနေတဲ့ သူတွေ ပါတယ်။ အဲလိုလူတွေကို မလိမ့်တပတ်နဲ့ခေါ်ပြီး အဖွဲ့လေးတွေ ဖွဲ့နေတာ။ အေးမြသာယာ ရယကရုံးမှာ ရပ်ကွက်သား တယောက်က ပါတီနာမည်က ဘာလဲလို့ ထမေးတော့ အဲဒီလူတွေက အဖြေ အတိအကျ မပေးဘူး။ ရွေးကောက်ပွဲမှာ အဆင်သင့် ဖြစ်အောင် ကြိုတင် ပြင်ဆင်တဲ့ အနေနဲ့ အဖွဲ့လေး သဘောမျိုး ဖွဲ့တာဆိုပြီးပဲ ဖြေတယ်တဲ့” ဟု ပြော သည်။
နအဖက လာမည့် ၂ဝ၁ဝ ပြည့်နှစ်တွင် ရွေးကောက်ပွဲ ကျင်းပ ပေးမည်ဟု ပြောဆို ထားသော်လည်း ယခုအချိန် အထိ ရွေးကောက်ပွဲ ဆိုင်ရာ ဥပဒေများ ထုတ်ပြန် ထားခြင်း မရှိသေးဘဲ ပါတီ နိုင်ငံရေး လှုပ်ရှားမှုများကို ကန့်သတ် ပိတ်ပင်ထားသည်။
သို့သော် နအဖကို ထောက်ခံသည့် အချို့သော လူပုဂ္ဂိုလ်များက အသင်းအဖွဲ့များ ထူထောင်ပြီး စည်းရုံး လှုပ်ရှားခွင့် ရနေ သကဲ့သို့ တိုင်းနှင့် ပြည်နယ် အဆင့် ကြံ့ခိုင်ရေးအသင်းတာဝန်ခံ ဝန်ကြီးများ၊ ဌာနဆိုင်ရာ ညွှန်ချုပ်များမှာ မြန်မာပြည် နေရာအသီးသီးတွင် ဒေသခံမြို့မိမြို့ဖများ၊ ဘာသာရေး အသင်းအဖွဲ့များ၊ ကြံ့ဖွံ့ အသင်းဝင်များအား တွေ့ဆုံခြင်း၊ လက်ဆောင် ပစ္စည်းများ ပေးခြင်း၊ ဒေသ အတွင်းရှိ မျက်စိ ဝေဒနာရှင် များအား အခမဲ့ ဆေးကုသ ပေးခြင်း စသည့် စည်းရုံးရေး လုပ်ငန်းများ လုပ်ဆောင်နေသည်။
source by : ခေတ်ပြိုင်

0 ယောက်ရဲ့ထင်မြင်ချက်:
Post a Comment