10/07/2009

ဒေါ်အောင်ဆန်းစုကြည်နှင့် ဆက်ဆံရေး ၀န်ကြီး ထပ်မံတွေ့

သန်းထိုက်ဦး | မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်နှင့် ဆက်ဆံရေး ၀န်ကြီး ဦးအောင်ကြည်တို့သည် ဒုတိယ အကြိမ် ယနေ့ နေ့လယ်ပိုင်းက ထပ်မံ တွေ့ဆုံသည်ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပြောခွင့်ရ ဦးဉာဏ်ဝင်း က ဧရာဝတီသို့ ပြောသည်။

ရန်ကုန်မြို့ရှိ စိမ်းလဲ့ ကန်သာ အစိုးရ ဧည့်ရိပ်သာ၌ အောက်တိုဘာလ ၃ ရက်နေ့က ၆ ကြိမ်မြောက် တွေ့ဆုံ ခဲ့ကြပြီး နောက် ယနေ့တွင် ထပ်မံ တွေ့ဆုံ ခဲ့ခြင်း ဖြစ်သည်။

ဦးဉာဏ်ဝင်းက လွန်ခဲ့သည့် စက်တင်ဘာလ ၂၅ ရက်နေ့က ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံသို့ ဒေါ်အောင်ဆန်းစု ကြည် ပေးပို့ခဲ့သော စာပါ အကြောင်းအရာနှင့် ပတ်သက်၍ မပြီးပြတ် သေးသည့် အတွက်ကြောင့် ယခုကဲ့သို့ ထပ်မံ တွေ့ဆုံခြင်း ဖြစ်နိုင်သည်ဟု ပြောဆိုသည်။

အောက်တိုဘာလ ၄ ရက်နေ့ထုတ် စစ်အစိုးရ သတင်းစာတွင် ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံတော် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဌ ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံ လိပ်မူ၍ စာရေးသား ပေးပို့ခဲ့သည့် အတွက် ကြောင့် ဆက်ဆံရေး ၀န်ကြီး ဦးအောင်ကြည်နှင့် တွေ့ဆုံ ဆွေးနွေးခဲ့ခြင်း ဖြစ်ကြောင်း ရေးသားဖော် ပြထားသည်။

ဒေါ်အောင်ဆန်းစုကြည်၏ စာထဲ၌ မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့ထားမှုများ ရုပ်သိမ်း ပယ်ဖျက်ရေး အတွက် နိုင်ငံတော် အေးချမ်း သာယာရေးနှင့် ဖွံဖြိုးရေး ကောင်စီနှင့် ပူးပေါင်း ဆောင်ရွက်လိုကြောင်း ပါရှိသည်။

ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်က အရေးယူ ပိတ်ဆို့မှု အားလုံးကို သိရှိနားလည် စေရေး အတွက် အနောက် နိုင်ငံ သံအမတ် ၃ ဦးနှင့် တွေ့ဆုံခွင့်၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD)နှင့် ညှိနှိုင်းခွင့်ပြုရန်လည်း တောင်းဆို ထားသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးအောင်ကြည်တို့ ယနေ့ တွေ့ဆုံမှုသည် ၇ ကြိမ်မြောက် တွေ့ဆုံခြင်း ဖြစ်သည်။ ၂၀၀၇ အောက်တိုဘာ ၂၅ ရက်နေ့က စတင် တွေ့ဆုံခဲ့ပြီး ၂၀၀၈ခုနှစ် ဇန်န၀ါရီလတွင် နောက်ဆုံး တွေ့ဆုံခဲ့ ခြင်း ဖြစ်သည်။

အလုပ်သမား ၀န်ကြီး ဦးအောင်ကြည်ကို စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်နှင့် ၎င်းတို့အကြား ဆက်သွယ် ရေး အတွက် ဆက်ဆံရေး ၀န်ကြီးအဖြစ် ၂၀၀ရ ခုနှစ် အောက်တိုဘာ ၈ ရက်နေ့က ခန့်အပ်ခဲ့ ခြင်းဖြစ်သည်။

၂၀၀၇ ခုနှစ် စက်တင်ဘာ ၂၉ ရက်က မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည့် ကုလသမဂ္ဂအထွေထွေ အတွင်း ရေးမှူး ချုပ်၏ အထူး ကိုယ်စားလှယ် မစ္စတာ အီဗရာဟင် ဂန်ဘာရီ၏ အကြံပြုချက် အရ နောင်တွင် ဒေါ်အောင်ဆန်းစု ကြည်နှင့် လုပ်ငန်းများ ဆက်သွယ် လုပ်ဆောင်ရန် ယင်း ဆက်ဆံရေးဝန်ကြီးကို ခန့်အပ်ခြင်းဖြစ်သည်ဟု စစ်အစိုး ရကဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ပြီးခဲ့သည့် အနှစ် ၂၀ အတွင်း ၁၄ နှစ်ကြာ ချုပ်နှောင် ခံခဲ့ရသည်။ သို့သော် လွန်ခဲ့ သည့် မေလတွင် အကျယ်ချုပ် ၆ နှစ် ပြည့်တော့မည့် အချိန်တွင် အာဏာပိုင်တို့က ဒေါ်အောင်ဆန်းစုကြည်ကိုနေ အိမ် အကျယ်ချုပ် ဖောက်ဖျက်မှုဖြင့် ရုံးတင် တရားစွဲခဲ့သည်။

ယင်း အမှုတွင် အာဏာပိုင်တို့က ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ် ၃ နှစ် ချမှတ်ခဲ့သည်။ ထို့နောက် စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ထောင်ဒဏ်ကို ထက်ဝက် လျှော့ချကာ နေအိမ် အကျယ်ချုပ် ၁ နှစ် ခွဲကျခံစေရန် အမိန့် ထုတ်ပြန်ခဲ့သည်။

source by : ဧရာဝတီ

0 ယောက်ရဲ့ထင်မြင်ချက်: