ဗိုလ်ချုပ်မှူးကြီး သန်းရွှေအား ဗုဒ္ဓ ဘာသာဝင် အဖြစ်မှ ထုတ်ပယ်ကာ မိစ္ဆာဒိဋ္ဌိ အဖြစ် သံဃာ့ တပ်ပေါင်းစု သတ်မှတ်
NEJ | မြန်မာ နိုင်ငံတွင် တာဝန် အရှိဆုံး ဦးသန်းရွှေအား ဗုဒ္ဓဘာသာ အဖြစ်မှ ထုတ်ပယ်ကာ သာသနာဖျက် မိစ္ဆာဒိဋ္ဌိအဖြစ် သတ်မှတ်လိုက်ကြောင်း မြန်မာ နိုင်ငံလုံး ဆိုင်ရာ သံဃာ့ တပ်ပေါင်းစု အဖွဲ့ကြီးက အောက်တိုဘာ (၅) ရက် ယနေ့ နေ့စွဲဖြင့် ကြေညာချက်တစောင် ထုတ်ပြန်လိုက်သည်။
ကြေညာချက်တွင် ယခုလ (၃) ရက်၊ သီတင်းကျွတ်လပြည့် ပ၀ါရဏာနေ့တွင် ပြည်တွင်း ပြည်ပ သိမ်အသီးသီး၌ တတိယ အကြိမ် ပတ္တနိက္ကုဇ္ဇန ကမ္မ၀ါစာ ရွတ်ဆိုကာ အောင်မြင်စွာ သပိတ်မှောက် နိုင်ခဲ့ကြောင်းလည်း မြန်မာ နိုင်ငံလုံး ဆိုင်ရာ ရဟန်းပျို သမဂ္ဂနှင့် သံဃာ သာမဂ္ဂီ အဖွဲ့တို့က တင်ပြထားသည်။
ယင်းသို့ တတိယ အကြိမ် သပိတ်မှောက် ကံဆောင် နိုင်ခဲ့သော်လည်း သံဃာတော်များ တောင်းဆို ထားသည့် အချက်ကို နအဖ စစ်အုပ်စုတွင် တာဝန် အရှိဆုံးဖြစ်သည့် ဦးသန်းရွှေက မလိုက်နာသည့် အပြင် သံဃာတော် များအား ဆက်လက်ဖမ်းဆီး၊ ထောင်ချ၊ နှိပ်စက်၊ ညှဉ်းပန်း သတ်ဖြတ် နေသည့် အတွက် ဦးသန်းရွှေ၊ ဒေါ်ကြိုင်ကြိုင်နှင့် ၎င်း၏ မိသားစု တစုလုံးအား ဗုဒ္ဓဘာသာ အဖြစ်မှ ထုတ်ပယ် လိုက်ကြောင်း၊ ဦးသန်းရွှေအား သာသနာကို ဖျက်ဆီးနေသည့် မိစ္ဆာဒိဋ္ဌိ အဖြစ် သတ်မှတ် လိုက်ကြောင်း၊ ဦးသန်းရွှေသည် ဗုဒ္ဓ ဘာသာဝင် မှန်ပါက သံဃာတော်များ တောင်းဆိုချက်ကို လိုက်နာ ရမည် ဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

သံဃာတော်များ အပေါ် ကျူးလွန်မှုများနှင့် သာသနာ အပေါ် စော်ကားမှု များကို တတိယ အကြိမ် သပိတ်မှောက် ကံဆောင်မည့် သီတင်းကျွတ် လပြည့်နေ့ မတိုင်မီ အောက်တိုဘာ (၂) ရက် နောက်ဆုံး ထား၍ ၀န်ချ တောင်းပန်ရန် နအဖ စစ်အစိုးရအား မြန်မာ နိုင်ငံလုံး ဆိုင်ရာ သံဃာ့ တပ်ပေါင်းစု အဖွဲ့ကြီးက နှိုးဆော် ထားခဲ့သည်။
သံဃာတော်များအနေဖြင့် ၁၉၉၀ ခုနှစ်တွင် မန္တလေး၌ တကြိမ်၊ ၂၀၀၇ ခုနှစ် စက်တင်ဘာတွင် တနိုင်ငံလုံးအတိုင်းအတာဖြင့် တကြိမ်၊ နှစ်ကြိမ်တိုင်တိုင် နအဖစစ်အစိုးရအား ပတ္တနိက္ကုဇ္ဇနကမ္မ၀ါစာ ရွတ်ဆိုကာ သပိတ်မှောက်ကံဆောင်ပြီး သတိပေးခဲ့သော်လည်း စစ်အစိုးရအာဏာပိုင်များက လိုက်နာတောင်းပန်ခြင်းမရှိသည့်အပြင် သံဃာတော်များနှင့်သာသနာကို ဆက်လက်စော်ကားနေသဖြင့် ယခုကဲ့သို့ တတိယအကြိမ် သပိတ်မှောက်ကံဆောင်ရခြင်းဖြစ်သည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုအဖွဲ့မှ နိုင်ငံခြားရေးရာတာဝန်ခံ အရှင်ဣဿရိယ ကမိန့်ကြားသည်။
၎င်းက “ပြည်ပနဲ့ ပြည်တွင်း ပြည်နယ်အသီးသီးမှာ အခက်အခဲတွေကြားထဲကပဲ သံဃာတော်တွေ ညီညွတ်စွာနဲ့ ပတ္တနိက္ကုဇ္ဇနကမ္မ၀ါစာ ရွတ်ဆိုပြီးတော့ သပိတ်ကို အောင်မြင်စွာမှောက်လိုက်ခြင်းက တချက်ပေါ့လေ။ နောက်တချက်က တကယ့်တာဝန်အရှိဆုံးဖြစ်တဲ့ ဦးသန်းရွှေဟာ တကယ်ဗုဒ္ဓဘာသာဝင်ကောင်းတဦးဆိုရင် သာသနာဘောင်က ရဟန်းသံဃာတော်တွေအားလုံးကို ပြန်လွှတ်ရမယ်၊ တောင်းပန်ရမယ်။ အဲလိုပြန်မလွှတ်ဘဲ သူက သံဃာတော်တွေကို ဆက်လက်ဖမ်းဆီး နှိပ်စက်နေတယ်၊ ထောင်ချနေတဲ့အတွက်ကြောင့် တာဝန်အရှိဆုံးဖြစ်တဲ့ ဦးသန်းရွှေကို ဗုဒ္ဓဘာသာရဲ့ လုပ်ရပ်တွေနဲ့ မညီတဲ့အတွက်ကြောင့် သူ့ကို ဗုဒ္ဓဘာသာဝင်အဖြစ် ဦးဇင်းတို့ သာသနာ တခုလုံးက လုံးဝလက်မခံဘူး၊ ထုတ်ပယ်ပစ်မယ်။ ပြီးတော့ ဦးဇင်းတို့ရဲ့သာသနာတော်ကို သံဃာတော်တွေကို သတ်ဖြတ် ညှဉ်းဆဲနေတဲ့ အတွက်ကြောင့် သူသည် ဗုဒ္ဓဘာသာရဲ့လမ်းစဉ်မဟုတ်တဲ့အပြင် သာသနာကိုဖျက်နေတဲ့ မိစ္ဆာဒိဋ္ဌိ လမ်းစဉ် ဖြစ်နေတယ်။ ဒါကြောင့်မို့ ဦးဇင်းတို့က သူ့ရဲ့အယူမစွန့်မခြင်း၊ သူ့ကို မိစ္ဆာဒိဋ္ဌိအဖြစ် သတ်မှတ်ပြီး သာသနာ့ဘောင်ကနေ ဗုဒ္ဓဘာသာဝင် အဖြစ်ကနေ စွန့်ပယ်ထုတ်ပစ်တာပါ” ဟု ကြေညာချက်နှင့်ပတ်သက်၍ ရှင်းလင်းမိန့်ဆိုသည်။
တတိယအကြိမ် သပိတ်မှောက်ကံဆောင်မှုကို ပြည်တွင်းရှိမြို့နယ်များမှ သိမ်များတွင် သံဃာတော် များက မဖြစ် ဖြစ်သည့် နည်းဖြင့် ကမ္မ၀ါစာများ ရွတ်ဆိုကာ သပိတ်မှောက် ခဲ့ကြကြောင်း၊ အချို့သံဃာတော်များမှာ ပ၀ါရဏာပြုရင်းနှင့် လျှို့ဝှက်စွာဖြင့် ပတ္တနိက္ကုဇ္ဇန ကမ္မ၀ါစာကို ရွတ်ဆို ခဲ့ကြကြောင်း အရှင် ဣဿရိယ ကမိန့်သည်။
“နအဖ စစ်အစိုးရကလည်း ရွတ်ဆိုခွင့် မရအောင် ဆိုပြီးတော့ နေရာ အနှံ့အပြားမှာ လိုက်ရှာတဲ့ ကြားထဲကနေပြီး သံဃာတော် တွေက အောင်မြင်အောင် သပိတ်မှောက်လိုက်ကြတယ်။ အခုဒီကမ္မ၀ါစာရဲ့ အဓိပ္ပာယ်က သိမ်တသိမ်ထဲမှာတောင် ရွတ်ဆို လိုက်ရင် အောင်မြင်သွားတယ်။ အခုဟာက တကယ့်သိမ်တွေအများကြီးမှာ သံဃာတော်တွေ ညီညွတ်စွာနဲ့ ကမ္မ၀ါစာတွေ ရွတ်ဆိုပြီးတော့ သပိတ်မှောက် လိုက်ကြတဲ့ အတွက်ကြောင့် ယခုတတိယအကြိမ်ရဲ့သပိတ်က တကယ့်ကို ကြီးမားတဲ့ အောင်မြင်မှုလို့ ပြောလို့ရပါတယ်။ တနိုင်ငံလုံး အတိုင်းအတာနဲ့လို့ ပြောလို့ရပါတယ်။ ရခိုင်၊ အထက်ဗမာပြည်၊ အလယ်ပိုင်း မန္တလေး၊ ပဲခူး အစရှိသဖြင့် နေရာအနှံ့အပြား ရန်ကုန် အထိဆိုတော့ တတိုင်း ပြည်လုံးကို ခြုံမိငုံမိသွားပါတယ်” ဟု ၎င်းကမိန့်သည်။
စစ်အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက မြန်မာ နိုင်ငံတွင် သံဃာတော်များ ငြိမ်းငြိမ်း ချမ်းချမ်းနှင့် နေခွင့် မရအောင် လုပ်ဆောင်နေပြီး သာသနာကို ဖျက်ဆီးနေသည့်အတွက် ယင်းလုပ်ရပ်ကို ထိရောက်စွာအရေးယူပေးပါရန် သံဃာ့ခေါင်းဆောင်များ စုပေါင်း လက်မှတ်ထိုးကာ ကမ္ဘာ့ခုံရုံး အဆင့်ဆင့်ထိ တရား စွဲဆိုသွားရန်လည်း သံဃာတော်များ တိုင်ပင်ဆွေးနွေးနေကြောင်း အရှင်ဣဿရိယ ကမိန့်ကြားသည်။
ကြေညာချက်တွင် သာသနာနှင့် နိုင်ငံတော်ကို ဖျက်ဆီးနေသည့် ဦးသန်းရွှေအား တပ်မတော်မှ ဖယ်ရှားပေးရန် တပ်မတော်သားများကို တိုက်တွန်းထားပြီး ၀ိနည်းကံကို လေးစားလိုက်နာခြင်းမရှိသည့် သံဃာတော်များကို ပစ္စည်းလေးပါး လှူဒါန်းခြင်းမပြုကြရန် ပြည်သူ များအား မေတ္တာ ရပ်ခံထားသည်။
source by : ခေတ်ပြိုင်

0 ယောက်ရဲ့ထင်မြင်ချက်:
Post a Comment