ရဲချုပ် မပါသော မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ ကျင်းပ
မင်းနိုင်သူ | မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ (၄၅) နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားကို အောက်တိုဘာ (၃) ရက်တွင် နေပြည်တော်၌ ကျင်းပရာ အခမ်းအနားကို ရဲချုပ်မပါဘဲ ကျင်းပသွားကြောင်း ပြည်တွင်း သတင်း ထောက်များက ပြောသည်။
“ရဲမှူးကြီး ၀င်းနိုင်နဲ့ ပတ်သက်တဲ့ အမှုနဲ့ ရဲချုပ် ခင်ရီကိုပါ စုံစမ်း စစ်ဆေးမှုတွေ ပြုနေတယ် ဆိုတဲ့ သတင်းတွေ ပေါ်ထွက် နေတာဟာ အမှန်ပါပဲလို့ အတည်ပြုလို့ ရသွားတဲ့သဘောပါပဲ။ ဒီနှစ် ရဲတပ်ဖွဲ့နေ့ကတော့ ရဲချုပ်မပါဘဲ အခမ်းအနားလုပ်သွားတာ” ဟု ပြည်တွင်း သတင်းထောက် တဦးက ပြောသည်။
အဆိုပါ အခမ်းအနားသို့ ရဲချုပ်ခင်ရီ တက်ရောက် ခဲ့ခြင်း မရှိဘဲ ပြည်ထဲရေး ၀န်ကြီး မောင်ဦး တက်ရောက် အမှာ စကား ပြောကြားပြီး ဒုတိယရဲချုပ် ရဲမှူးချုပ်ဇော်ဝင်း၊ ရဲဦးစီး အရာရှိချုပ် ရဲမှူးချုပ် ခင်မောင်စီ၊ ရဲရေးချုပ် ရဲမှူးချုပ် စိုးဝင်းမြင့်နှင့် ရဲထောက်ချုပ် ရဲမှူးချုပ် ၀င်းစိုးတို့သာ တက်ရောက်ကြောင်း သိရသည်။

ရဲတပ်ဖွဲ့နေ့ အခမ်းအနားတွင် ပြည်ထဲရေး ၀န်ကြီးက သူတပါးကို အရေးယူ နိုင်ရန် ဖမ်းဆီး စစ်ဆေး တရားစွဲတင်ရသော ဌာနဖြစ်၍ မိမိ ကိုယ်တိုင် ပုံရိပ်မှန်မှ တပ်ဖွဲ့၊ ဌာန ဂုဏ်တတ်မည် ဖြစ်ကြောင်း ထည့်သွင်း ပြောဆိုသွားကာ ရဲမှူးချုပ် တဦးက ရဲချုပ်မှ ပေးပို့သည်ဆိုသော သ၀ဏ်လွှာကို ဖတ်ကြားခဲ့သည်။
“၀န်ကြီး ပြောသွား တာတွေက သတင်းစာထဲမှာတော့ ဖတ်လို့ကောင်းပါတယ်။ ဒါပေမယ့် သူကိုယ်တိုင်ကရော အဂတိ လိုက်စားမှု ကင်းရဲ့လားလို့ မေးရမှာပဲ။ ခက်တာက မြန်မာနိုင်ငံမှာ လစာနဲ့ မလုံလောက်ကြတော့ ၀န်ထမ်း အားလုံးက နှစ်မူးတပဲနဲ့လည်း လာဘ်စားကြတာ။ လုပ်ပိုင်ခွင့်ရှိတဲ့ ရဲဆိုတာ အဆိုးဆုံးပေါ့။ နိုင်ငံရေးကလွဲရင် လိုင်းကြေးပေးရင် ကြိုက်တာ လုပ်ဆိုတဲ့ သဘောတွေ ရဲတိုင်းမှာရှိတယ်။ သူတို့အထဲမှာကို ခြစားမှုတွေကလည်း အများကြီး။ ရဲမှူးကြီး ၀င်းနိုင် ကိစ္စ ကိုပဲကြည့်” ဟု ရန်ကုန်မြို့ခံတဦးက ပြောသည်။
လွန်ခဲ့သည့် သြဂုတ်လ အတွင်းက ရန်ကုန်တိုင်း ရဲမှူးကြီး ၀င်းနိုင်အား အဂတိ လိုက်စားမှု၊ အမိန့် မနာခံမှုတို့ဖြင့် ဖမ်းဆီး စစ်ဆေး နေသည်ဆိုသော သတင်းများ ပေါ်ထွက် လာပြီးနောက် ရဲမှူးကြီးဝင်းနိုင် တရုတ်နိုင်ငံဘက်သို့ ထွက်ပြေး လွတ်မြောက် သွားသည်ဆိုသော သတင်း ထပ်မံထွက်ပေါ်ခဲ့သည်။
ထို့နောက် ရဲမှူးကြီး ၀င်းနိုင်အား စစ်ဆေးစဉ် ရဲချုပ် ခင်ရီ၏ အဂတိလိုက်စားမှုများလည်း ပေါ်ပေါက်လာကာ ရဲချုပ် ခင်ရီပါ ဖမ်းဆီး စစ်ဆေး ခံနေရသည်ဟု သတင်းထွက်ပေါ်နေခဲ့သည်။
ရဲမှူးကြီး ၀င်းနိုင်နှင့် ရဲချုပ်ခင်ရီတို့မှာ စစ်ဘက်မှ ရဲဘက်သို့ ပြောင်းလာကြသူများ ဖြစ်ကာ အကြီးမားဆုံးသော အဂတိ လိုက်စားမှုများ ပြုလုပ် ခဲ့ကြသည်ဟု ရန်ကုန်တိုင်း ရဲများက ဆိုကြောင်း ပြည်တွင်း သတင်းထောက် များက ပြောသည်။
source by : ခေတ်ပြိုင်

0 ယောက်ရဲ့ထင်မြင်ချက်:
Post a Comment