10/05/2009

ဒီမိုကရေစီ အရေး လှုပ်ရှားသူ အမျိုးသမီးများ ထိန်းသိမ်းခံရ

အေးလဲ့ | ရန်ကုန်မြို့မှ ဒီမိုကရေစီ အရေး လှုပ်ရှား ဆောင်ရွက်သူ အမျိုးသမီး ၄ ဦးကို အာဏာပိုင်တို့က စနေနေ့တွင် ဖမ်းဆီး လိုက်ကြောင်း သိရသည်။

ဒဂုံမြို့သစ်ရှိ မကွေး စာသင်တိုက်သို့ သွားရောက် ဆွမ်းကပ်ရာမှ အပြန်တွင် ထိုသို့ ဖမ်းဆီးခံလိုက်ရသူ အမျိုးသမီး ၄ ဦးမှာ ဒေါ်နော်အုန်းလှ၊ ဒလ မြို့နယ်မှ မစန်းစန်းမြင့်၊ ဒဂုံ မြို့သစ် တောင်ပိုင်းမှ မချို၊ သင်္ဃန်းကျွန်း မြို့နယ်မှ မချိုဝေလွင် တို့ ဖြစ်သည်ဟု ၎င်းတို့၏ လုပ်ဖော်ကိုင်ဖက်များက ပြောသည်။

၎ ဦးစလုံးမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင်များ ဖြစ်သည့် အပြင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး အတွက် အပတ်စဉ် အင်္ဂါနေ့တိုင်း ရွှေတိဂုံ ဘုရားသို့ သွားရောက်ပြီး ဝတ်ပြု ဆုတောင်း ကြသူများ ဖြစ်သည်။ ထိုအဖွဲ့အား ဦးဆောင် သူများထဲတွင် ဒေါ်နော်အုန်းလှက အထင်ရှားဆုံး ဖြစ်သည်။

သောကြာနေ့က ဒေါ်နော်အုန်းလှ အပါအ၀င် ဒီမိုကရေစီအရေး လှုပ်ရှားသူ တချို့က ရန်ကုန်တိုင်း တရားရုံး အနီးသို့ သွားရောက်ပြီး ဒေါ်အောင်ဆန်းစုကြည်၏ အယူခံလွှာနှင့် ပတ်သက်ပြီး မည်သို့ မည်ပုံ စီရင်ချက် ချမည်ကို လေ့လာခဲ့ကြသည်။

“ဒေါ်အောင်ဆန်းစုကြည်ရဲ့ အယူခံလွှာကို အမိန့်ချမယ့် နေ့က ဒေါ်နော်အုန်းလှက ရင်ဘတ်မှာ ထိုးဖို့ ပန်းတွေ လိုက်ဝေခဲ့သေးတယ်၊ အဲဒီတုန်းက မဖမ်းဘဲနဲ့ နောက်ရက်မှ ဖမ်းလိုက်တာ” ဟု ဒေါ်နော်အုန်းလှနှင့် နီးစပ်သူ တဦးက ပြောသည်။

ဒေါ်နော်အုန်းလှသည် တက်ကြွသည့် နိုင်ငံရေး သမား တဦး ဖြစ်ပြီး မကြာခဏ ထိန်းသိမ်းခံရသူတဦး ဖြစ်သည်။

အာဏာပိုင် တို့က ဒေါ်နော်အုန်းလှ တို့ကို ဖမ်းဆီးခြင်းနှင့် ပတ်သက်ပြီး တစုံတရာ ထုတ်ဖော် ပြောဆိုခြင်း မရှိသေးပေ။

ဤအတောအတွင်း အာဏာပိုင်တို့က နိုင်ငံရေး လှုပ်ရှားမှုများတွင် ပါဝင်သူ အများအပြားကို တရားစွဲဆိုထားသည်။

အာဏာပိုင်တို့က ဒီမိုကရေစီ အရေး သီချင်းများဖြင့် လှုံ့ဆော်ရာတွင် ထင်ရှားသည့် မျိုးဆက်သစ် လူငယ်အစည်းအရုံးမှ အဖွဲ့ဝင် ကိုငြိမ်းချမ်းကို ယနေ့နံနက်ပိုင်းက ရန်ကုန် အနောက်ပိုင်း ခရိုင်တရားရုံးတွင် ရုံးထုတ် စစ်ဆေး ခဲ့သည်ဟု သိရသည်။ အီလက်ထရောနစ် ဥပဒေ ပုဒ်မ - ၃၃(က) ဖြင့် ရုံးထုတ်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

ကိုငြိမ်းချမ်း နှင့် ကိုအောင်ကိုမင်း ဆိုသူ တို့ကို စမ်းချောင်း မြို့နယ် တရားရုံးက ထောင်ဒဏ် ၈ နှစ် အမိန့် ချခဲ့ပြီးသော်လည်း အာဏာပိုင်တို့က သူတို့ကို ပုဒ်မပေါင်း များစွာဖြင့် ထပ်မံ တရားစွဲဆိုထားသည်။

ရန်ကုန်မြို့ လေဆိပ်တွင် ထိန်းသိမ်း ခံရသူ ကိုညီညီအောင် သည်လည်း ယခုအခါ အင်းစိန်ထောင်တွင် ရောက်ရှိ နေသည်။ အောက်တိုဘာ ၁၄ ရက်နေ့၌ လှိုင်မြို့နယ် တရားရုံးတွင် သူ၏ အမှုကို စစ်ဆေးမည်ဟု အင်းစိန်ထောင် သတင်း ရပ်ကွက်က ပြောသည်။

ကိုညီညီအောင်၏ အမှုတွင် နာမည်ကျော် ရှေ့နေများ ဖြစ်သည့် ဦးကြည်ဝင်း၊ ဦးဉာဏ်ဝင်းတို့က လိုက်ပါ ဆောင်ရွက်နိုင်ရန် သဘောတူထားသည်ဟု သိရသည်။ သို့သော်လည်း အာဏာပိုင်များက အကြောင်း ပြန်ကြားခြင်း မရှိသေးပေ။ ကိုညီညီအောင်သည် ရန်ကုန်ရှိ ဗုံးခွဲမှုများနှင့် ပတ်သက်ပြီး တာဝန်မကင်းသူဟု အာဏာပိုင်တို့က စွပ်စွဲထားသည်။

မြန်မာ နိုင်ငံတွင် နိုင်ငံရေး အကျဉ်းသား အနည်းဆုံး ၂၁၁၉ ဦး ရှိကြောင်း နိုင်ငံရေး အကျဉ်းသားများ ကူညီ စောင့်ရှောက်ရေး အသင်း(AAPP)က စနေနေ့တွင် ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၁၈ ရက်နေ့တွင် အာဏာပိုင်တို့က အကျဉ်းသား ၇၁၁၄ ဦးကို လွတ်ငြိမ်း သက်သာခွင့်ပေးကြောင်း ကြေညာခဲ့သည်။ လွတ်မြောက် လာသူများထဲတွင် နိုင်ငံရေး အကျဉ်းသား ၁၂၈ ဦး ပါဝင်သည်ဟု AAPP က ဆိုသည်။

source by : ဧရာဝတီ

0 ယောက်ရဲ့ထင်မြင်ချက်: