10/01/2009

နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး အာဆီယံ ဖိအားဆက်ပေးသင့်ဟု ဦးဝင်းတင်ပြော

မင်းနိုင်သူ | အာဆီယံ အသင်းကြီး အနေဖြင့် အနောက် နိုင်ငံများ၏ မြန်မာ နိုင်ငံ ဆိုင်ရာ မူဝါဒကို သေချာ လေ့လာသင့်ပြီး ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး အတွက် မြန်မာ စစ်အစိုးရကို ဆက်လက် ဖိအား ပေးသင့်ကြောင်း အန်အယ်လ်ဒီပါတီ ဗဟိုအလုပ်အမှုဆောင် အတွင်းရေးမှူး ဦးဝင်းတင်က ပြောသည်။

အာဆီယံအလှည့်ကျဥက္ကဋ္ဌ ထိုင်းနိုင်ငံခြားရေး ၀န်ကြီး မစ္စတာ ကဆစ်ပီရွန်းက ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး အတွက် မြန်မာ စစ်အစိုးရထံ မေတ္တာ ရပ်ခံစာပေးပို့မည့် အစီအစဉ်ကို ဖျက်သိမ်း လိုက်ပြီ ဖြစ်ကြောင်း နယူးယောက်မြို့တွင် ထုတ်ဖော် ပြောဆိုမှု အပေါ် ဦးဝင်းတင်က တုံ့ပြန် ပြောဆို လိုက်ခြင်း ဖြစ်သည်။

“အဓိကက အမေရိကန် ပေါ့ဗျာ။ အမေရိကန်ရဲ့ မူဝါဒ အပြောင်းအလဲ အပေါ် မူတည်ပြီး လုပ်နေကြဟန် တူပါတယ်။ ဒါပေမယ့် အမေရိကန်ရဲ့ မူဝါဒက တဘက်က sanction ကို ကိုင်ထားမယ်။ တဘက်က engagement လည်း လုပ်မယ်ဆိုတဲ့ သဘောပဲဗျ။ လုံးလုံးကြီး engagement လုပ်သွားမယ့် သဘောမဟုတ်ဘူးဗျ။ ဒါကို သတိပြုသင့်တယ်ဗျ။ အာဆီယံ အနေနဲ့ ဘာတွေဘယ်လို ဆွေးနွေးပြီး ဒီလို ဆုံးဖြတ်ချက် ချတယ် ဆိုတာကို ကျနော်တို့ အသေးစိတ် မသိရပေမယ့် ဒီလို နောက်ပြန်ဆုတ်တဲ့ သဘောမျိုးက မဖြစ်သင့်ဘူး။ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေး အကျဉ်းသားတွေ ပြန်လည် လွတ်မြောက်ရေးဟာ ဆက်လက် တောင်းဆို နေရမယ့် ကိစ္စ” ဟု ဦးဝင်းတင်က ပြောသည်။

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး မေတ္တာ ရပ်ခံစာပေးပို့မည့် အစီအစဉ်ဖျက်သိမ်းရခြင်းသည် ကုလသမဂ္ဂ၊ အမေရိကန်နှင့် အီးယူနိုင်ငံတို့က ၎င်းတို့၏မူဝါဒများကို ပြန်လည်သုံးသပ်နေကြပြီး မြန်မာနိုင်ငံနှင့် ပိုမိုထိတွေ့ဆက်ဆံမည့် အလားအလားများ ရှိနေသည့် အတွက်ဖြစ်ကြောင်း ထိုင်းနိုင်ငံခြားရေး ၀န်ကြီးက စက်တင်ဘာ (၂၈) ရက်တွင် နယူးယောက်မြို့၌ ပြောကြားခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံအပေါ် ပိုပြီးပြင်းထန်သည့် ရပ်တည်ချက်များ ချမှတ်ရန် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက အာဆီယံ နိုင်ငံများကို တိုက်တွန်းခဲ့ခြင်းမရှိဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီး ကဆစ်ပီရွန်းက ပြောဆိုခဲ့ကြောင်းလည်း ယမန်နေ့ထုတ် ဘန်ကောက်ပို့စ်သတင်းတွင် ဖော်ပြသည်။

ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ် အကျယ်ချုပ် ဖောက်ဖျက်မှုဖြင့် တရားစွဲဆို နေချိန်မှ စ၍ တကမ္ဘာလုံးက ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး ၀ိုင်းဝန်း တောင်းဆို နေချိန်တွင် အာဆီယံ အသင်းကြီးက ပိုမို ဖိအား ပေးသင့်သည်ဟု ဦးဝင်းတင်က ပြောသည်။

“ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က မြန်မာ့နိုင်ငံရေး အတွက် ဖိအားပေး ပြောဆို တာမျိုး နည်းနေရင်တောင် ဒေသတွင်း အဖွဲ့အစည်း ဖြစ်တဲ့ အသင်းကြီးအနေနဲ့က ပိုပြီးဖိအားပေးပြောဆိုသင့်တယ်။ လုပ်ဆောင်သင့်တယ်ဗျ။ လွန်ခဲ့တဲ့ နှစ်လလောက်က ထိုင်းနိုင်ငံအနေနဲ့ ဒေါ်စု လွတ်မြောက်ရေး အတွက် ဖိအားပေး ပြောဆို တာတွေ ရှိခဲ့လို့ သူတို့ ရပ်တည်ချက်တွေဟာ မှန်ကန် လာတယ်လို့ ကျနော်တို့ ယူဆခဲ့တာ။ အခုလို ကိစ္စမျိုးကို ထိုင်းနိုင်ငံကပဲ စပြောတယ် ဆိုတော့ ကျနော်တို့ အံ့သြတယ်” ဟုလည်း ၎င်းက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးသည် မြန်မာ့နိုင်ငံရေး အတွက်သာမက ဒေသတွင်း နိုင်ငံရေး အတွက်ပါ အခရာ ကျနေပြီး အန်အယ်လ်ဒီ ပါတီ အနေဖြင့်လည်း တရုတ်၊ အာဆီယံတို့နှင့် အနီးကပ်ဆက်ဆံမှုများပြုလုပ်ရန် အမြဲတမ်းတံခါးဖွင့်ထားသည်ဟု ဦးဝင်းတင်က ပြောသည်။

၎င်းက “ကျနော်တို့ ပါတီရဲ့ နိုင်ငံခြားရေး မူဝါဒမှာ တရုတ်နဲ့ အာဆီယံတို့ကိုလည်း အလေးထားပါတယ်။ သို့သော်လည်း အာဆီယံ အနေနဲ့က အစိုးရချင်း ဆက်ဆံရေးကိုပဲ အလေးထားနေတာ တွေ့ရတယ်။ ကျနော်တို့အနေနဲ့ကတော့ အားလုံးနဲ့ အနီးကပ်ဆက်ဆံဖို့ ဆန္ဒရှိတယ်။ ပါတီရဲ့ နိုင်ငံခြားရေးမူဝါဒကို အာဆီယံနိုင်ငံတွေက သတင်းမီဒီယာတွေက သတင်းရယူလိုတာမျိုးတွေရှိရင်လည်း ထုတ်ဖော်ပြောဆိုဖို့ အသင့်ပါပဲ” ဟု ပြောဆိုသည်။

source by : ခေတ်ပြိုင်

0 ယောက်ရဲ့ထင်မြင်ချက်: