10/05/2009

အဓမ္မ ဖိအားပေးလျှင် ငြိမ်းချမ်းရေးပျက်နိုင်ဟု KIO ပြော

ဧရာဝတီ | တိုင်းရင်းသား အပစ်ရပ် အဖွဲ့များကို နယ်ခြားစောင့် တပ်များအဖြစ် အသွင်ပြောင်းရေး အတွက် တဖက်သတ် လုပ်ဆောင်ပါက ငြိမ်းချမ်းရေးကို ထိခိုက်နိုင်ကြောင်း ကချင်လွတ်မြောက်ရေး အဖွဲ့ (KIO) က ပြောလိုက်သည်။

သို့သော်လည်း အစိုးရ၏ အသွင် ကူးပြောင်းရေး ကမ်းလှမ်းချက်ကို ညှိနှိုင်း အဖြေရှာသွားမည် ဖြစ်ကြောင်း ထင်ရှားသည့် အပစ်ရပ် အဖွဲ့တခုဖြစ်သည့် KIO ၏ အထွေထွေ အတွင်းရေးမှူး ဒေါက်တာလဂျာက ဧရာဝတီကို ပြောသည်။

“ဒီအသွင် ကူးပြောင်းရေးကို မူအားဖြင့် လက်ခံထားတယ်၊ အချက်အလက် တွေကိုလည်း ညှိနှိုင်းရန် လိုအပ်သေးတယ်၊ မူအရဆိုရင် ငြိမ်းချမ်းရေး တည်တံ့ ခိုင်မြဲရေးကို လိုလားတယ်၊ စစ်မက် ဖြစ်တာကို မလိုလားဘူး”ဟု ဒေါက်တာ လဂျာက ပြောသည်။

တပ်များ အသွင်ပြောင်းလဲရေးနှင့် ပတ်သက်ပြီး အင်္ဂါနေ့က ပြုလုပ်သည့် KIO နှင့် မြန်မာ့တပ်မတော်တို့၏ ဆွေးနွေးပွဲအပြီးတွင် KIO က ယင်းသို့ ပြောလိုက်ခြင်း ဖြစ်သည်။

မြစ်ကြီးနား မြို့တွင် ပြုလုပ်သော အဆိုပါ ဆွေးနွေး ပွဲသို့ တက်ရောက်ခဲ့သူ KIO ကိုယ်စားလှယ် ၇ ဦးတွင် ဒေါက်တာလဂျာလည်း ပါဝင်သည်။ မြန်မာ့တပ်မတော်ဘက်မှ ကိုယ်စားလှယ်အဖွဲ့ကို မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်စိုးဝင်းက ခေါင်းဆောင်ကြောင်း သိရသည်။

“နယ်ခြားစောင့် တပ်ဖွဲ့ အဖြစ် အသွင်ပြောင်းရေး ကိစ္စကို ဘယ်လို ပြောင်းလဲရင် ကောင်းမလဲ၊ အဖွဲ့အစည်း အဖွဲ့ဝင် တခုလုံးရဲ့ကိစ္စကိုလည်း ဘယ်လို ပြောင်းလဲရင် ကောင်းမလဲ အပြန်အလှန် မေးယူကြတယ်” ဟု ဒေါက်တာ လဂျာက ရှင်းပြသည်။

ကချင်ပြည်နယ် နှင့် ရှမ်းပြည်နယ် ဒေသ တချို့တွင် အခြေစိုက်သော KIO သည် ၁၉၉၄ တွင် မြန်မာ့ တပ်မတော်နှင့် အပစ်အခတ် ရပ်စဲခဲ့သည်။ KIO တွင် ကချင် လွတ်မြောက်ရေး တပ်မတော် (KIA) ဟု ထင်ရှားသည့် တပ်ဖွဲ့ဝင် အင်အား ၄ဝဝဝ ခန့်ဖြင့် ဖွဲ့စည်းထားသည့် လက်နက်ကိုင်အဖွဲ့တခု ရှိသည်။

စစ်အစိုးရက အပစ်ရပ်အဖွဲ့များကို နယ်ခြား စောင့်တပ်များ အဖြစ် အသွင်ကူးပြောင်းရေး အတွက် ဆုံးဖြတ်ရန် ၆ လခန့် အချိန်ပေးထားရာ ရှေ့လတွင် အဖြေပေးရတော့မည် ဖြစ်သည်ဟု သိရသည်။

၂၀၁၀ ပြည့်နှစ်တွင် ပြုလုပ်မည့် ရွေးကောက်ပွဲ မတိုင်မီ စစ်အစိုးရက အပစ်ရပ်အဖွဲ့များအား နယ်ခြားစောင့် တပ် အဖြစ် ပြောင်းလဲဖွဲ့စည်းရန်အတွက် စစ်ရေးအရ လည်းကောင်း၊ စစ်အစိုးရ သတင်းစာများတွင် ရေးသားခြင်းဖြင့် လည်းကောင်း ဖိအားများ ပေးလာရာ အပစ်ရပ်အဖွဲ့များတွင် တခြား ရွေးချယ်စရာလမ်း နည်းပါးလာကြောင်း နိုင်ငံရေး လေ့လာသူများက သုံးသပ်ကြသည်။

၁၉၈၉ မှ ၁၉၉၅ အတွင်း လက်နက်ကိုင်အဖွဲ့ကြီး ၁၇ ဖွဲ့ အပစ်အခတ် ရပ်စဲခဲ့သည်ဟု သိရသည်။ အသွင်ပြောင်းရေး ကမ်းလှမ်းချက်ကို အပစ်ရပ်အဖွဲ့ တချို့က သဘောတူထားသည်။

ထိုအထဲတွင် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်ဖွဲ့ (DKBA) နှင့် ကချင်ပြည် ဒီမိုကရေစီသစ် တပ်မတော် (NDA-K) တို့ ပါဝင်သည်။

ကိုးကန့် ဒေသတွင် မကြာသေးမီက အာဏာသိမ်းမှု ဖြစ်ပွား ပြီးနောက် အသစ် ပေါ်ပေါက် လာသည့် အုပ်ချုပ်ရေး ကော်မတီက ကိုးကန့် တပ်ဖွဲ့များကို နယ်ခြားစောင့် တပ်များ အဖြစ် အသွင်ပြောင်းရန် သဘော တူကြောင်း ကြေညာခဲ့သည်။

source by : ဧရာဝတီ

0 ယောက်ရဲ့ထင်မြင်ချက်: