8/09/2009

ရှစ်လေးလုံးနှစ်ပတ်လည်နေ့ ရန်ကုန် ဆွမ်းကပ်လှူဒါန်းမှုများ


RFA
မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ် ပေါ်ထွန်းလာဖို့ တောင်းဆိုဆန္ဒပြခဲ့ကြတဲ့ ရှစ်လေးလုံး အရေးတော်ပုံကြီးမှာ အသက်ပေး ကျဆုံးသွားခဲ့ကြရတဲ့ ရဟန်းရှင်လူ ကျောင်းသားပြည်သူတွေကို ရည်စူးပြီး ဒီကနေ့ ၂၁ နှစ်မြောက် နှစ်ပတ်လည်နေ့ဖြစ်တဲ့ သြဂုတ်လ ၈ ရက်နေ့ မနက်ပိုင်းမှာ ရန်ကုန်မြို့နယ်အတွင်း ဆွမ်းကပ်လှူဒါန်းမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။

မြန်မာနိုင်ငံ ရန်ကုန်မြို့တွင် ဆန္ဒပြပွဲများ ဖြစ်ပွားလေ့ရှိသည့် မြို့လည်ကောင် ဆူးလေဘုရားအနီးတဝိုက်တွင် လုံခြုံရေးတပ်ဖွဲ့များ ချထားသည်ကို တွေ့မြင်ရပုံ။ (Photo: AFP)

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ဖို့ အင်္ဂါနေ့တိုင်း ဝတ်ပြုဆုတောင်းနေတဲ့ ဒေါ်နော်အုန်းလှ ဦးဆောင်တဲ့အဖွဲ့နဲ့ ၈၈ မျိုးဆက် ကျောင်းသားတွေဟာလည်း ရန်ကုန်မြို့နယ် မြောက်ဒဂုံ ၅ဝ ရပ်ကွက်မှာရှိတဲ့ မကွေး ပရိယတ္တိ စာသင်တိုက်မှာ သံဃာတော် ၃၅ ပါးကို အာရုံဆွမ်းကပ်လှူဒါန်းခဲ့ကြတယ်လို့ ပါဝင်ခဲ့သူ အမျိုးသမီးတဦးက အာအက်ဖ်အေကို ပြောပါတယ်။

အမျိုးသမီးတဦး။ ။'အခု ရှစ်လေးလုံး ၂၁ နှစ်မြောက် နှစ်ပတ်လည်နေ့မှာ ကျဆုံးသွားတဲ့ ကျောင်းသား ရဟန်းရှင်လူတွေအတွက် ရည်စူးပြီးတော့ အမတို့ ကောင်းမှုကုသိုလ်တွေ လုပ်ကြပါတယ်။ ခြောက်နာရီမှာ အာရုံဆွမ်းကပ်တယ်၊ ခုနှစ်နာရီမှာ တရားနာတယ်။ အမတို့ အင်္ဂါမိသားစုရယ်၊ ၈၈ မျိုးဆက် ကျောင်းသားလေးတွေရယ်ပေါ့ လုပ်ဖြစ်ပါတယ်'



ရှစ်လေးလုံး အရေးတော်ပုံကြီးမှာ ကျဆုံးသွားတဲ့ ရဲဘော်တွေအတွက် အခုလို အရုဏ်ဆွမ်းကပ် လှူဒါန်းမှုတွေ လုပ်ခဲ့တာကိုတော့ အာဏာပိုင်တွေက တစုံတရာ တားဆီးနှောက်ယှက်တာတွေ မရှိခဲ့ပေမယ့် လုံခြုံရေး တင်းတင်းကြပ်ကြပ် ချထားတယ်လို့ ဆက်ပြောပါတယ်။

အမျိုးသမီးတဦး။ ။'လုံခြုံရေးတွေကတော့ အပြည့်ပ၊ဲ အင်အားကို ထူးထူးခြားခြား အများကြီးပဲပေါ့။ အမတို့က ငါးနာရီကို ဒီအရှေ့ရောက်တာနဲ့ ကားဆိုက်တာနဲ့ သူတို့တွေက အရင် ဓာတ်ပုံတွေ ဝိုင်းရိုက်တာပေါ့၊ ကျောင်းပေါ်တွေ။ ဘုန်းကြီးကတော့ ပြောတယ် ဦးဇင်းခွင့်မပြုရင် မရိုက်ပါနဲ့ ပြောတာလည်း မရဘူး ရိုက်တယ်။ ဆွမ်းကပ်တဲ့ထိလည်း တက်လာပြီးတော့ ဓာတ်ပုံတွေ ဘာတွေ ရိုက်တယ်။ တရားနာတော့လည်း ဒီလိုပဲ ဓတ်ပုံတွေဘာတွေရိုက်တယ်၊ လုံခြုံရေးအခြေအနေက ဒီကျောင်းထဲမှာရော ဘေးပတ်ဝန်းကျင်မှာရော။ အခု ထူးခြားတာက ရဲတွေပါ ပါတယ်။ လက်နက်အပြည့်အစုံနဲ့လေ၊ ရဲကားတွေရော။ အရင်တုန်းကဆိုရင် ရိုးရိုး အရပ်ဝတ်တွေနဲ့ပဲ ပါတာ။ အခုဟာတော့ ရဲတွေ လက်နက်အပြည့်အစုံနဲ့ကို အင်အားတော်တော်များများ ချထားတယ်'

အလားတူ ရန်ကုန်တိုင်း တောင်ပိုင်းခရိုင် တွံတေးမြို့နယ်မှာလည်း ဒီကနေ့ မနက် ၉ နာရီလောက်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်တွေ စုပေါင်းပြီး ရှစ်လေးလုံး လှုပ်ရှားမှုမှာ ကျဆုံးသွားခဲ့ရသူတွေကို ရည်စူးလှူဒါန်းမှုတွေ လုပ်ခဲ့ကြတယ်လို့ ဦးဆောင်ပါဝင်ခဲ့တဲ့ ကိုဇော်မင်းထွန်းက ပြောပါတယ်။

ကိုဇော်မင်းထွန်း။ ။ရှစ်လေးလုံး နှစ်ပတ်လည် အထိမ်းအမှတ်အဖြစ် ရှစ်လေးလုံးမှာ ကျဆုံးခဲ့တဲ့ ရဲဘော်တွေ၊ နိုင်ငံရေး လှုပ်ရှားမှုအဖွဲ့တွေ နောက်ပြီးတော့ ဘုန်းကြီးရဟန်းသံဃာတွေ၊ ကျောင်းသားတွေ ပြည်သူတွေပေါ့နော်။ သူတို့အတွက်ကို ရည်စူးပြီးတော့ ကျနော်တို့က ကောင်းမှုကုသိုလ်အနေနဲ့ ကျနော့်အိမ်ရှေ့မှာ ဒီ ဘုန်းကြီးရဟန်းသံဃာတွေကို တန်းဆွမ်းကြွတယ်ပေါ့နော်၊ ကြွတဲ့အခါမှာ ကျနော်တို့က ခေါက်ဆွဲထုတ်တွေကို ဘုန်ကြီးရဟန်းသံဃာတွေကို လှူဒါန်းတယ်။ ပြီးတော့ ကျနော်တို့ အမျှအတမ်းပေးဝေတယ်။ နောက်ပြီးတော့ ဘုန်းကြီးကျောင်းတွေကိုလည်း ကျနော်တို့က လိုက်ပြီးတော့ ရယ်ဒီမိတ် ခေါက်ဆွဲထုတ်တွေ လှူဒါန်းတယ်။

အခုလို လှူဒါန်းခဲ့တဲ့ အဖွဲ့ချုပ် အဖွဲ့ဝင်တွေအပေါ် အာဏာပိုင်တွေက ဖမ်းဆီးအရေးယူတာတွေ မရှိခဲ့ပေမယ့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင်တွေကို လိုက်လံစောင့်ကြည့်မှုတွေ ရှိနေသလို မြို့နယ်တွင်းမှာလည်း လုံခြုံရေး တင်းတင်းကြပ်ကြပ် ချထားတယ်လို့ ဆက်ပြောပါတယ်။

ကိုဇော်မင်းထွန်း။ ။'အာဏာပိုင်တွေကတော့ အခု ကျနော်သွားတဲ့နေရာကို လေးငါးခြောက်ယောက် ခုနှစ်ယောက်လိုက်တယ်၊ နောက်ပြီးတော့ တွံတေးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဦးကြင်တိုး အိမ်ရှေ့မှာဆိုရင် အယောက် လေးငါး ဆယ်ယောက်လောက် ချထားတယ်။ နောက်ပြီးတော့ အရံရဲတပ်ဖွဲ့ဝင်တွေ ဆိုပြီးတော့ အယောက် နှစ်ဆယ်လောက်ကို ခန့်ထားတယ်။ တလကို နှစ်သောင်းခွဲ ပေးတယ်ဆိုပြီးတော့ အဲ့ နိုင်ငံရေးပါတီကလူတွေပဲ အဓိက စောင့်ကြည့်ရမယ် ဆိုပြီးတော့။ သူတို့ အရံရဲတပ်ဖွဲ့ဝင်တွေဆိုပြီး ချထားတဲ့အခါမှာလည်း ဆိုက်ကားသမားတွေ၊ ကယ်ရီသမားတွေ၊ ဆိပ်ကမ်းအလုပ်သမားတွေပေါ့နော်။ သူတို့ကလည်း ဝိုင်းပြီး စောင့်ကြည့်နေတဲ့ ပုံစံလေးတွေရှိတယ်ဗျ။ ကားဂိတ်တွေကိုရော အကုန် လုံခြုံရေးတွေ အတင်းအကြပ် ချထားတယ်။ လမ်းဆုံလမ်းခွတွေမှာလည်း စောင့်ကြည့်နေတယ်' ။


source by :RFA

0 ယောက်ရဲ့ထင်မြင်ချက်: