8/09/2009

ရှစ်လေးလုံး အရေးတော်ပုံနေ့ အထိမ်းအမှတ် AASYC မှ ဒက္ကားတွင် ပြုလုပ်


မင်းဆက်ခိုင်(နိရဉ္စရာ)

၂၁ နှစ်မြောက် ရှစ်လေးလုံး အရေးတော်ပုံနေ့ အခမ်းအနားကို ဘင်္ဂလာဒေ့ခ်ျနိုင်ငံ ဒက္ကားမြို့တော်တွင် ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသားနှင့် လူငယ်များ အစည်းအရုံး(AASYC) မှ ဦးဆောင် ကျင်းပခဲ့သည်။

ဆန္ဒပြပွဲသို့ AASYC ဘင်္ဂလားဒေ့ခ်ျ ဌာနခွဲမှ ကျောင်းသား လူငယ်များနှင့် တခြား ဒီမိုကရေစီ အရေး လှုပ်ရှားသူများက ဒက္ကားမြို့ရှိ (High Court) ဗဟိုတရား ရုံးရှေ့တွင် ဆိုင်းဘုတ် များနှင့် ပိုစတာများကိုင်ဆောင်ပြီး ဆန္ဒပြခဲ့ကြသည်။

ဆန္ဒပြပွဲကို ဦးဆောင်သူ (AASYC) အတွင်းရေးမှူး(၂) ကိုကျော်မြင့်က ဆန္ဒပြပွဲနှင့် ပတ်သက် ပြီး ယခုကဲ့သို့ ပြောသည်။

“ ဒီနေ့ဟာဆိုရင် မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ရရှိရေး အတွက် ရဟန်းရှင်လူ ကျောင်းသား ပြည်သူတွေ သွေးမြေကျခံပြီး ပေးဆပ်ခဲ့တဲ့ နေ့တနေ့ ဖြစ်ပါတယ်။ မြန်မာ့ သမိုင်းမှာ အထွန်းပြောင်ဆုံး ပြည်သူ တရပ်လုံးပါဝင်ခဲ့တဲ့ အရေးတော်ပုံနေ့လည်း ဖြစ်တယ်။ ရှစ်လေးလုံး အရေးတော်ပုံ အတွင်း ကိုယ်စွန့် အနစ်နာခံသွားခဲ့ကြတဲ့ ရဲဘော် ရဲဘက်တွေကို အောက်မေ့ ဂုဏ်ပြုတဲ့ အနေနဲ့ ဒီကနေ့ အခမ်းအနားကို ဆန္ဒပြပြီး ထုတ်ဖေါ် ပြသရတာ ဖြစ်ပါတယ်။”




ဆန္ဒပြပွဲတွင် မြန်မာ့ဒီမိုကရေင်္စီ အရေး လှုပ်ရှားသူများက ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး၊ စစ်အာဏာရှင် စနစ် ပြုတ်ကျရေး၊ ဒီမိုကရေစီ ရရှိရေး စသည့် တောင်းဆိုချက်များကို ကြွေးကြော်ပြီး ဆန္ဒပြ ခဲ့ကြသည်။

ဆန္ဒပြပွဲ အတွင်း အနီးအနားမှ လာရောက် ကြည့်ရှု့ နေကြသော ဘင်္ဂလီ အမျိုးသားများနှင့် သတင်းထောက် များသို့ အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားသော ရှစ်လေးလုံးနေ့ ထုတ်ပြန်ချက် များကိုလည်း ဖြန့်ဝေခဲ့သည်။

ဆန္ဒပြပွဲကို ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသားနှင့် လူငယ်များအစည်းအရုံးမှ အဖွဲ့ဝင်များအပါအဝင် ရခိုင် အတိုက်ခံအင်အားစုများ စုစုပေါင်း ၂၅ဦးခန့် တက်ရောက်ခဲ့သည်။

ဆန္ဒပြပွဲမှာ နံနက် ၁၀နာရီခွဲမှ စတင်ပြီး ၁၁ နာရီ ၁၅ မိနစ်တွင် အောင်မြင်စွာ ပြီးဆုံးခဲ့သည်။


source by :နိရဉ္စရာ

1 ယောက်ရဲ့ထင်မြင်ချက်:

Nge Naing said...

ကိုလတ်ရေ သတင်းလာဖတ်သွားပါတယ်။ ရှစ်လေးလုံး မျိုးဆက်တွေ ရောက်နေတဲ့ နေရာတိုင်းမှာ အခုလို လှုပ်ရှားမှု တခုခုကတော့ ရှိမှာ သေချာပါတယ်။ မျိုးဆက်သစ် တယောက်က ရှစ်လေးလုံးကို အသိအမှတ်ပြုပြီး အခုလို ရှစ်လေးလုံးနေ့ အခမ်းအနား ကျင်းပတဲ့ သတင်းကို ဖေါ်ပြပေးတာ အတိုင်းမသိ ၀မ်းသာပါတယ်၊ ကျေးဇူးလည်း တင်ပါတယ်။

9/8/09 2:37 PM