8/10/2009

ဝါဒဖြန့်ဆောင်ပုဒ်များ အတင်းအကျပ် ထည့်ခိုင်း

အောင်ကျော်မိုး | နအဖစစ်အစိုးရ စာပေစိစစ်ရေးဌာနက ပုဂ္ဂလိက ဂျာနယ်များကို ဝါဒဖြန့်ဆောင်းပါး အရှည်သာမက ဝါဒဖြန့်ဆောင်ပုဒ် များကိုလည်း အတင်းအကျပ် ထည့်သွင်း ခိုင်းနေကြောင်း ပြည်တွင်းမှ သတင်းဂျာနယ် အယ်ဒီတာ တဦးက ပြောသည်။

၎င်းက “ပြီးခဲ့တဲ့ လကစလို့ အစိုးရသတင်းစာ နောက်ကျောဖုံးမှာ ဝါဒဖြန့် ကြွေးကြော်သံတွေ၊ ဆောင်ပုဒ်တွေကို ပြန်ပြီး ဖော်ပြလာတယ်။ ဒါပေမယ့် ဒီတခါ ထူးခြားတာက အဲဒီမှာဖော်ပြတဲ့ ဝါဒဖြန့်ဆောင်ပုဒ်တွေကို ကျနော်တို့ ပုဂ္ဂလိက ဂျာနယ်တွေ ကိုပါ အတင်းအကျပ် ထည့်ခိုင်းတာပဲ။ ကျနော်တို့ ဂျာနယ်အပြင် အခြားမြန်မာတိုင်းမ်၊ လျှပ်တစ်ပြက်၊ သစ္စာ၊ ဖလားဝါးနဲ့ ဂျာနယ်တချို့မှာ ဖော်ပြတာ တွေ့ရတယ်။ နောက်ပိုင်း အခြားဂျာနယ်တွေမှာပါ ဖော်ပြခိုင်းလိမ့်မယ်ထင်တယ်” ဟု ပြောသည်။

၎င်း၏ပြောပြချက်အရ မဖြစ်မနေ ထည့်သွင်းပေးရသည့် ဝါဒဖြန့် ဆောင်ပုဒ်များမှာ “ဒီမိုကရေစီခေတ် အနာဂတ်သစ်၊ ဖျက်ပစ်လိုသူများ သတိထား၊ ဆူပူသူများ မလိုလား၊ မစားရတဲ့အမဲ သဲနဲ့ပက်၊ ဆူပူသူတွေ ချောင်းတဲ့အကွက်၊ တွဲလက်ညီလာ တားဆီးပါ၊ ရွှေပြည်တော်က အနီးမှာ” စသည့်ဆောင်ပုဒ်များဖြစ်ကြောင်း သိရသည်။

အခြားပုဂ္ဂလိက သတင်းဂျာနယ်တခုမှ အယ်ဒီတာတဦးကလည်း ပြီးခဲ့သည့်ရက်ပိုင်း ရဲချုပ်ဗိုလ်မှူးချုပ်ခင်ရီ ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲကို ကြည့်ပါက အဖြေသိနိုင်ကြောင်း၊ ယင်းနေ့တွင် ရဲချုပ်က ပြင်ပမီဒီယာများက စွပ်စွဲသမျှဆိုပြီး ပြန်ဖြေရှင်းခြင်းမျိုး လုပ်ကြောင်း၊ အကြောင်းရင်းမှာ မြန်မာနိုင်ငံအတွင်း၌ အဖြစ်မှန်အတိုင်း ထုတ်လွှင့်သည့် ပြည်ပအသံလွှင့် ဌာနများကို နားထောင်သူ အလွန်များလာပြီး ပြည်သူများအပေါ် လွှမ်းမိုးနေသည်ကို ပြန်လည်ဖြေရှင်းခြင်းပင်ဖြစ်ကြောင်း ပြောသည်။

ထို့ပြင် စစ်အစိုးရသတင်းစာ နောက်ကျောဖုံး၌လည်း “ဗွီအိုအေ ဘီဘီစီ ရန်တိုက်ပေးနေသည်၊ အာရ်အက်ဖ်အေ ဒီဗွီဘီ သွေးထိုးနေသည်၊ ခလောက်ဆန်၊ အကောက်ကြံ လေလှိုင်းများ၊ နားမယောင်လေနဲ့ သတိထား” ဟုဆိုကာ ဆန့်ကျင် ပုတ်ခတ်မှုမျိုး လုပ်လာကြောင်း၊ အစိုးရသတင်းစာကို ပြည်သူများ သိပ်စိတ်မဝင်စား၍ ယခုကဲ့သို့ ဝါဒဖြန့် ဆောင်ပုဒ်မျိုးကို ပုဂ္ဂလိက ဂျာနယ်များ၌ အတင်းအကျပ် ထည့်ခိုင်းလာခြင်းဖြစ်ကြောင်း အဆိုပါ ဂျာနယ်အယ်ဒီတာက ပြောသည်။

ဝါရင့် သတင်းစာဆရာကြီးတဦးကမူ နအဖစစ်အစိုးရသည် မကြာခင် ဒေါ်အောင်ဆန်းစုကြည်ကို အမိန့်ချခြင်း၊ ရွေးကောက်ပွဲ ဥပဒေထုတ်ပြန်ခြင်း၊ ရွေးကောက်ပွဲအတွက် လုပ်ငန်းစဉ်အဆင့်ဆင့် အကောင်အထည်ဖော်ခြင်းတို့ကို လုပ်ရမည်ဖြစ်သည့်အ တွက် နဂိုကတည်းကမှ စီးပွားရေးကျဆင်းနေသည့် ပြည်သူများ၏ စိတ်အခံဖြင့်ပေါင်းပြီး မကျေမနပ် ဆူပူအုံကြွမှုများ ဖြစ်ပေါ်လာမည်ကို ကြိုတင်ကာကွယ်သည့်အနေဖြင့် ယခုကဲ့သို့ ဝါဒဖြန့် လှုပ်ရှားမှု လုပ်လာခြင်းဖြစ်နိုင်ကြောင်း သုံးသပ်ပြသည်။

ယခု ဝါဒဖြန့်ဆောင်ပုဒ်များကို ဂျာနယ်များက ကိုယ့်သဘောဖြင့်ကိုယ် ထည့်ခြင်းမဟုတ်ဘဲ စစ်အစိုးရက အတင်းအကျပ် ထည့်ခိုင်း၍ ထည့်ရခြင်းဖြစ်ကြာင်း အားလုံးသိကြသည်ဟု ရန်ကုန်မြို့ခံများက ပြောသည်။

source by : ခေတ်ပြိုင်

0 ယောက်ရဲ့ထင်မြင်ချက်: