မြန်မာနိုင်ငံတွင် ရင်းနှီးမှု မပြုရန် အာဆီယံသို့ ပန်ကြား
ဝီရ | မြန်မာနိုင်ငံ၌ စွမ်းအင်ထုတ်လုပ်သုံးစွဲရာတွင် နိုင်ငံတကာစံညွှန်း သတ်မှတ်ချက်များ မရှိသေးသရွေ့ အာဆီယံနိုင်ငံများနှင့် အခြားအာရှနိုင်ငံများက ရင်းနှီးမြှုပ်နှံမှု မပြုကြရန် သဘာဝ ပတ်ဝန်းကျင် ဆိုင်ရာ စောင့်ကြည့်ရေးအဖွဲ့က ယနေ့ တောင်းဆိုလိုက်သည်။
မန္တလေးမြို့၌ ယနေ့မှ စတင်၍ နှစ်ရက်အကြာ ကျင်းပမည့် အာဆီယံ၊ တရုတ်၊ ဂျပန်နှင့် တောင်ကိုရီးယား နိုင်ငံ (ASEAN+3) တို့၏ စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီးများအဆင့် အစည်းအဝေးနှင့်ပတ်သက်၍ မြန်မာနိုင်ငံ မြစ်ချောင်းများဆိုင်ရာ ကွန်ရက်က တောင်းဆိုလိုက်ခြင်းဖြစ်သည်။
ယခု တောင်းဆို ထုတ်ပြန်ချက်တွင် ပါဝင်သည့် တိုင်းရင်းသား အဖွဲ့အစည်းများ ဖွံ့ဖြိုးရေး ဖိုရမ်မှ ပြောရေး ဆိုခွင့်ရှိသူ ကိုစိုင်းခွန်ဆိုင်းက “အာဆီယံ အနေနဲ့ ဒီအချိန်မှာ မြန်မာပြည်ရဲ့ စွမ်းအင် ကဏ္ဍမှာ ရင်းနှီး မြှုပ်နှံမှုတွေ မလုပ်ကြဖို့၊ ဘာကြောင့်လဲဆိုတော့ အခုရင်းနှီး မြှုပ်နှံတဲ့ အမြတ်တွေက စစ်အစိုးရတွေရဲ့ အိတ်ထဲကိုပဲ ရောက်သွားလိမ့်မယ်။ အဲဒီနိုင်ငံ့ဝင်ငွေတွေက ပြည်သူတွေရဲ့ အကျိုးအတွက် ဖြစ်လာမှာ မဟုတ်ဘူး။ ပြီးတော့ မြန်မာပြည်မှာ ဒီမိုကရေစီစနစ်နဲ့ အုပ်ချုပ်တဲ့အစိုးရ မပေါ်ပေါက်သေးသရွေ့ ဒီစွမ်းအင် ကဏ္ဍမှာ ရင်းနှီးမှုတွေ မလုပ်ကြဖို့ အဓိကထားတောင်းဆိုထားပါတယ်” ဟု ခေတ်ပြိုင်သို့ ပြောကြားသည်။

မြန်မာနိုင်ငံ၏ စွမ်းအင်ထုတ်လုပ်မှုကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှု အများဆုံးဖြစ်သည့် ထိုင်းနိုင်ငံအနေဖြင့် မိမိနိုင်ငံတွင် ချမှတ်ထားသည့် စွမ်းအင်ထုတ်လုပ်သုံးစွဲမှုဆိုင်ရာ ပေါ်လစီအတိုင်း မြန်မာနိုင်ငံနှင့်လည်း ညှိနှိုင်းဆောင်ရွက်သင့်ကြောင်း တိုက်တွန်းထားသည်။
ကိုစိုင်းခွန်ဆိုင်းက “ထိုင်းအစိုးရ အနေနဲ့လည်း ဆည်မြောင်းဆောက်ပြီး လျှပ်စစ်ထုတ်တာ မရှိဘူး။ အိမ်နီးချင်း နိုင်ငံတွေဆီက နေပြီးတော့ ဝယ်ယူသုံးစွဲနေတာ များနေတာကိုလည်း ထိုင်းနိုင်ငံမှာ သတ်မှတ်ထားတဲ့ ဒီစံညွှန်း အတိုင်း မြန်မာ နိုင်ငံမှာလည်း ညှိနှိုင်းသင့်တယ်။ အာဆီယံအနေနဲ့လည်း အနည်းဆုံး ထည့်သွင်း စဉ်းစားသင့်တာက ရင်းနှီးမြှုပ်နှံတဲ့ အစုရှယ်ယာတွေ လျှော့ချသွားဖို့ နှိုးဆော် ထားတယ်” ဟု ပြောသည်။
ထိုင်းနိုင်ငံတွင် လိုအပ်နေသည့် လျှပ်စစ် ဓာတ်အား သုံးစွဲမှုပမာဏ၏ (၂၀) ရာခိုင်နှုန်းအား မြန်မာနိုင်ငံမှ ရဲတံခွန်နှင့် ရတနာ သဘာဝဓာတ်ငွေ့ တူးဖော်ရေးဇုန်များမှ ရရှိနေကြောင်း ထိုကြေညာချက်တွင် ဖော်ပြထားသည်။
ယနေ့ကြေညာချက်ကို မြန်မာနိုင်ငံ မြစ်ချောင်းများ ဆိုင်ရာကွန်ရက်၊ တိုင်းရင်းသား အဖွဲ့အစည်းများ ဖွံ့ဖြိုးရေး ဖိုရမ်နှင့် ရွှေ သဘာဝ ဓာတ်ငွေ့ လှုပ်ရှားရေးအဖွဲ့တို့က ပူးပေါင်းထုတ်ပြန်သည်။
မြန်မာနိုင်ငံတွင် ၂၀၀၉ ခု မေလအထိ ရေနံနှင့်သဘာဝဓာတ်ငွေ့အတွက် လုပ်ငန်းခွင် (၈၉) နေရာတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံ သည့်ပမာဏ အမေရိကန်ဒေါ်လာ (၃.၃၉၈) ဘီလီယံအထိ ရောက်ရှိနေပြီး ရေအား လျှပ်စစ် အတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏပြီးလျှင် ဒုတိယနေရာတွင် ရှိနေကြောင်း စစ်အစိုးရ၏ တရားဝင်စာရင်းဇယားများတွင် ဖော်ပြထားသည်။
တရုတ်နိုင်ငံ ကလည်း ရခိုင် ကမ်းလွန် ပင်လယ်မှ ကူမင်းသို့ သွယ်တန်းမည့် (၁,၈၀၀) ကီလိုမီတာ ရှည်လျားသည့် ဓာတ်ငွေ့ ပိုက်လိုင်းအား ယခုနှစ် စက်တင်ဘာလတွင် စတင် အကောင်အထည် ဖော်မည်ဖြစ်သည်။
စွမ်းအင် ဝန်ကြီး ဌာနဆိုင်ရာ အစည်းအဝေးပွဲ ကျင်းပ နေသည့် မန္တလေးမြို့တွင် ယခင်က တရက် (၆) နာရီသာ လျှပ်စစ်မီး ပေးဝေနေရာမှ လွန်ခဲ့သည့် အပတ်မှစ၍ တရက် (၁၀) နာရီ ပေးဝေနေသည်။
source by : ခေတ်ပြိုင်

0 ယောက်ရဲ့ထင်မြင်ချက်:
Post a Comment