7/30/2009

ဒေါ်အောင်ဆန်းစုကြည် ထောင်ကျလိမ့်မည်ဟု ဦးဝင်းတင် ထင်မြင်ယူဆ

NEJ | အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (အန်အယ်လ်ဒီ) အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်သည် ထောင်ကျမည့် အလားအလာရှိသည်ဟု အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင် တဦးဖြစ်သူ ဦးဝင်းတင်က ပြောသည်။

နေအိမ် အကျယ်ချုပ် ဖောက်ဖျက်မှုဖြင့် တရားစွဲဆို စစ်ဆေးခြင်း ခံနေရသော ဒေါ်အောင်ဆန်းစုကြည်အား လာမည့် သောကြာနေ့ တွင် စီရင်ချက်ချမည်ဟု အင်းစိန်အထူးတရားရုံး တရားခွင်မှ ယမန်နေ့က ရုံးချိန်းပေးထားသည်။

နေအိမ် အကျယ်ချုပ်ဖြင့် ထိန်းသိမ်း ခံနေရသော ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ခြံဝင်း အတွင်း အမေရိကန် နိုင်ငံသား မစ္စတာယက်တော ၀င်ရောက်ခဲ့မှု အတွက် နအဖစစ် အစိုးရက မေ (၁၈) ရက်တွင် နေအိမ် အကျယ်ချုပ် ဖောက်ဖျက်မှု ပုဒ်မ (၂၂) ဖြင့် အင်းစိန် အထူးတရားရုံး၌ ဒေါ်အောင်ဆန်းစုကြည်အား တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။

ယင်းကိစ္စနှင့် ပတ်သက်၍ ဦးဝင်းတင်က “ထောင်ကျနိုင်မယ် ဆိုတာက နဂိုကတည်းက ထောင်ချချင်လို့ လုပ်တာပဲ။ ထောင်ချချင်လို့ လုပ်တာမဟုတ်ရင် ဒီကိစ္စပေါ်စရာ အကြောင်းမရှိဘူး။ တရားဥပဒေအရပဲ ကြည့်ကြည့်၊ နိုင်ငံရေး အရပဲ ကြည့်ကြည့် ပေါ်စရာ အကြောင်းမရှိဘူး” ဟု ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်အား သာမန်အားဖြင့် လာမည့်နိုဝင်ဘာ (၂၇) တွင် လွှတ်ပေးရမည် ဖြစ်သည့် အတွက် ယင်းအချိန်ထိ မစောင့်ဘဲ ပြီးခဲ့သည့် မေလကပင် လုပ်ကြံ အမှုဆင် ဖမ်းခြင်း ဖြစ်ကြောင်း ၎င်းက ပြောသည်။

“အဲဒီရည်ရွယ်ချက် ကိုက ထောင်ချဖို့ ရည်ရွယ်တာပဲ။ ဒါပေမယ့် သူတို့မထင်ဘဲ ကမ္ဘာတခုလုံးကနေ အကြီးအကျယ် ဆူပွက်ပြီး ဒေါ်စုဘက်ကနေ ၀ိုင်းဝန်းပြီး ဒေါ်စုလွှတ်ရေးကို တောင်းဆိုလာတဲ့အခါကျ သူတို့မှာ လုပ်ရကိုင်ရတော့ ခက်သွားတာပေါ့။ ကျနော်ကတော့ ဘယ်လိုတွက်လည်း ဆိုတော့ ဒေါ်စုထောင်ကျမှာပဲလို့ ယုံတယ်။ ကျနော့် တဦးချင်း သဘောပေါ့ဗျာ” ဟု ဦးဝင်းတင်က ပြောသည်။

သို့သော် စစ်အစိုးရဘက်ကမူ ဆင်နိုင်သည့် အကွက်များ ရှိသေးကြောင်း၊ ယခုတရားရုံးအဆင့်သည် ခရိုင်ရုံးအဆင့်သာ ဖြစ်သဖြင့် ယင်းအဆင့်တွင် ဒေါ်အောင်ဆန်းစုကြည်အား လွှတ်ပေးလိုက်ပြီး တိုင်းအဆင့်တွင် အယူခံဝင်နိုင်ကြောင်းလည်း ဦးဝင်းတင်က ရှင်းပြသည်။

၎င်းက “တိုင်းအဆင့်ကျမှ ဒေါ်အောင်ဆန်းစုကြည် လွတ်လာတဲ့အပေါ်မှာ လူတွေက ဘယ်လိုလှုပ်ရှားသလဲ၊ ဒေါ်အောင်ဆန်းစုကြည် ဘယ်လိုလှုပ်ရှားသလဲ၊ ဘာတွေဖြစ်သလဲ ဆိုတဲ့အပေါ်မှာ နိုင်နင်းနိုင်မယ့်အနေအထားရှိရင် တိုင်းရုံးမှာ သူတို့ဘက်က ပြန်ပြီးအယူခံတင်မယ်။ ပြီးမှ တိုင်းရုံးကနေ ထောင်ချပစ်နိုင်တယ်” ဟု ပြောသည်။

ထိုကဲ့သို့ ပြောဆိုရခြင်းမှာ ၁၉၉၀ ရွေးကောက်ပွဲကာလအတွင်း၌ ဒေါ်အောင်ဆန်းစုကြည်ကို ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲတွင် ပါဝင်ရန် အန်အယ်လ်ဒီက ဆုံးဖြတ်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်အား အမတ်လောင်းလျှောက်လွှာ တင်သွင်းခဲ့ရာတွင် မြို့နယ်ရုံးကလက်ခံကာ ရွေးခံခွင့်ပေးခဲ့ပြီးမှ တိုင်းအဆင့်တွင် ပယ်ချခဲ့သည့် သာဓကရှိကြောင်း ဦးဝင်းတင်က ကိုးကားပြောဆိုသည်။

“ကျနော် တဦးတည်း သဘောအရ ပြောရရင်တော့ ဒေါ်စုကို ထောင်ချမှာပဲ။ တခုပဲရှိတယ်၊ (၅) နှစ်ချလိုက်ရင် လူထုက ဒေါသဖြစ်မှာစိုးလို့ လျော့လျော့ပေါ့ပေါ့ (၃) နှစ်လောက်ချရင် ချမယ်ပေါ့ဗျာ။ နောက်တခါ ဒေါ်စုကို အိမ်မှာ ပြန်နေခွင့် ပေးထားမယ်၊ ထောင်ထဲ မပို့ဘူးဆိုတဲ့ အလျော့အပေါ့ အခင်းအကျင်းတွေနဲ့ လုပ်ပြီးတော့ ထောင်ချမယ်လို့ ထင်တယ်” ဟု ၎င်းက ပြောသည်။

၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်သည် နေအိမ် အကျယ်ချုပ်ဖြင့် (၁၃) နှစ်ကျော်ကြာ စစ်အစိုးရ၏ ဖမ်းဆီး ထိန်းသိမ်းခြင်း ခံခဲ့ရပြီး ယခုအမှုဖြင့် တရား စီရင်ခြင်း ခံရပါက ထောင်ဒဏ် (၅) နှစ် အထိ ကျခံရဖွယ်ရှိသည်။

source by : ခေတ်ပြိုင်

0 ယောက်ရဲ့ထင်မြင်ချက်: