7/30/2009

မီးလာသော်လည်း ရေမလာသဖြင့် ပြည်သူများ အခက်တွေ့

NEJ | ရန်ကုန်မြို့တွင် ဇူလိုင်လလယ်မှ စ၍ မီးပေးချိန် တိုးမြှင့် ထားသော်လည်း ဗို့အားမပြည့်သည့် အတွက် အထပ်မြင့် တိုက်များတွင် နေထိုင်သူများ အခက်တွေ့နေကြသည်။

“မီးလာတာ အရင်ထက် အချိန်ပိုလာလို့ ပျော်နေတာ။ ရေက တင်လို့မတက်တော့ စိတ်ညစ်ရပြန်ရော” ဟု ရန်ကုန် (၁၄၆) လမ်းနေသူတဦးက ပြောသည်။

ရန်ကုန်မြို့သို့ ရေပေးဝေနေသော ဖူးကြီး၊ လှော်ကား၊ ငမိုးရိပ်၊ ဂျိုးဖြူ ရေပိုက်လိုင်းများ အနက် လှော်ကားနှင့် ငမိုးရိပ် ရေပေးဝေရေး လုပ်ငန်းတို့က ရေတွန်းစက်များ အတွက် အသုံးပြုသော လျှပ်စစ်အား ပြည့်ဝမှု မရှိခြင်းကြောင့် ဖြစ်ကြောင်း ရန်ကုန် စည်ပင်မှ အရာရှိတဦးက ပြောသည်။

ထို့ကြောင့် အထပ်မြင့် တိုက်ခန်းများသို့ မော်တာဖြင့် ရေတင်မှုများ အခက်တွေ့ နေရခြင်း ဖြစ်ကြောင်း၊ ရန်ကုန် စည်ပင် အနေဖြင့် အဆိုပါ ပြဿနာများကို ဖြေရှင်းရန် ရန်ကုန်မြို့တော် လျှပ်စစ်ပေးဝေရေအဖွဲ့နှင့် ညှိနှိုင်းသွားမည် ဖြစ်ကြောင်း ထိုအရာရှိက ပြောသည်။

ရန်ကုန်တိုင်း လျှပ်စစ် ပေးဝေရေး အဖွဲ့က မြို့နယ် (၄၅) မြို့နယ်တွင် အုပ်စု (၄) ခုခွဲကာ လျှပ်စစ် ဓာတ်အားကို ခွဲတမ်းချပေးဝေ နေကြောင်း၊ အုပ်စု (၃) စုကို ညနေ (၅) နာရီမှ နောက်တနေ့နံနက် (၅) နာရီထိ မီးပေးချိန် ပိုလာပြီး မီးပြတ်တောက်ချိန် နည်းလာကြောင်း၊ ကျန်အုပ်စုတခုကိုမူ (၂၄) နာရီ ပုံမှန်ဖြန့်ဝေပေးနေကြောင်း ယင်းအဖွဲ့မှ တာဝန်ရှိသူက ပြောသည်။

ထိုသို့မီးလာချိန် ပိုလာသော်လည်း အထပ်မြင့်နေသူများ ရေတင်မရသည့်ပြဿနာနှင့် ရင်ဆိုင်နေကြရသည်။

ကျောက်မြောင်း ရပ်ကွက်နေ ပြည်သူ တဦးက “ရေကို ညဘက်မှ တင်ကြတာများတယ်။ လျှပ်စစ်ဗို့အား ပြည့်တဲ့ အချိန် ဖြစ်တဲ့ အတွက်ပါ။ ဒါပေမယ့် အခု ညဘက်လည်း တင်လို့မရတော့ဘူး။ ဗို့အားက လုံးဝမရှိတော့ဘူး၊ ကျနေတာချည်း ဖြစ်နေ တယ်။ စည်ပင်ကို မေးကြည့်တော့လည်း စည်ပင်က မီးအားအပြည့်မရလို့ပါလို့ ပြောတယ်။ ကျမတို့လည်း သေသေချာချာကို နားမလည်တော့ဘူး” ဟု ပြောသည်။

source by : ခေတ်ပြိုင်

0 ယောက်ရဲ့ထင်မြင်ချက်: