7/30/2009

မိုးခေါင်၍ နှမ်းစိုက်တောင်သူများ ထိခိုက်နိုင်

မင်းနိုင်သူ | အညာဒေသတွင် မိုးခေါင်နေသဖြင့် နှမ်းတောင်သူများ စိုက်ပျိုးစရိတ်ပင် ရှုံးမည့် အလားအလာများ ရှိနေကြောင်း အညာဒေသခံ သီးနှံပွဲစားများက ပြောသည်။

“ဒီနှစ်မိုးခေါင်တယ်။ အခုချိန်ထိ တစက်ကလေးမှကို မရွာသေးဘူး။ နောက်တပတ်အတွင်းမှ မရွာရင် တောင်သူတွေ ငိုရမယ့်ကိန်း ဆိုက်တော့မှာပဲ” ဟု ဓနမဂ္ဂဇင်းမှ သီးနှံဈေးကွက်ဆောင်းပါးရှင် ဓနထွန်းက ပြောသည်။

အညာဒေသတွင် ယခုရာသီ၌ ပဲစင်းငုံ၊ နှမ်း၊ ၀ါတို့ကို အဓိကစိုက်ပျိုးထားရာ မိုးခေါင်နေသဖြင့် သီးနှံပင်များပျက်စီးမည့်အရေး စိုးရိမ်နေကြရသည်။

“နှမ်းတောင်သူတွေ စိတ်ညစ်နေကြရတယ်။ အခု အသီးတင်နေပြီ ဖြစ်ပေမယ့် မိုးမရွာတော့ အသီးအောင်ဖို့ ခက်နေတယ်။ နှမ်းသမားက မိုးမရလို့ကတော့ အကုန်နွားကျွေးပစ်ဖို့ပဲရှိတယ်။ စိုက်ပျိုး စရိတ်တောင် ပြန်ရမှာ မဟုတ်ဘူး။ နှမ်းသမားတင် မဟုတ်ပါဘူးလေ။ နောက်တပတ်ကျော်တဲ့အထိ မိုးမရွာရင် ပဲစင်းငုံသမား၊ ၀ါသမားလည်း သွားမှာပါပဲ။ အနည်းဆုံးတော့ အထွက်နှုန်းဆုပ်သွားမှာ” ဟု ဓနထွန်းက ပြောသည်။

မိုးခေါင်နေသဖြင့် နောက်ထပ် သီးနှံစိုက်ပျိုးရေးအတွက်ပါ အခက်တွေ့နေကြသော်လည်း မိုး/ဇလ၏ ညွှန်ကြားချက်များအရ နောက်သီး နှံစိုက်ပျိုးမည့် တောင်သူများအနေဖြင့် ထွန်ရေးညက်အောင် ထွန်ထားကြရန် မြို့နယ်စိုက်ပျိုးရေးဌာနများက ဆော်သြနေကြောင်း သိရသည်။

မန္တလေးသီးနှံပွဲစားတဦးက “နောက်ထပ်ကို မိုးခေါင်နေဦးမယ့် သဘောရှိပါတယ်ဗျာ။ မိုးဇလရဲ့ ညွှန်ကြားချက်အရ ထွန်ရေးညက်အောင် ထွန်ထားကြဖို့ တိုက်တွန်းနေတာတွေရှိတယ်။ ထွန်ရေးညက်တော့ မိုးလေးနည်းနည်းကျတာနဲ့ အချိန်မီ စိုက်ပျိုးနိုင်မယ်ဆိုတဲ့ သဘော ပေါ့ဗျာ” ဟု ပြောသည်။

ယခုနှစ်တွင် မိုးခေါင်သည့်အပြင် မြစ်ရေမတိုးသဖြင့် ကျည်းတောတောင်သူများသာမက အောက်တော တောင်သူများလည်း စိုက်ပျိုး နိုင်ရေး အခက်တွေ့နေကြကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

အညာဒေသတွင် မြစ်ရေ၀င်ရောက်ရာ လယ်ယာများကို အောက်တောဟုခေါ်ပြီး မြစ်ရေလုံးဝမရဘဲ မိုးရေကိုသာ အဓိကထား စိုက်ပျိုး ရသည့် လယ်ယာများကို ကျည်းတောဟုခေါ်သည်။

“၀ါဆိုဝါခေါင် ရေဖောင်ဖောင် ဆိုပေမယ့် ဒီနှစ်မြစ်ရေကလည်း သိပ်မတိုးဘူးဗျ။ ဟုတ်တယ်။ အောက်တောသမားတွေတောင် မိုးမျှော် နေကြရတယ်။ အောက်တောသမားတချို့ ကိုယ့်တွင်းနဲ့ကိုယ် ရေတင်စိုက်တာတွေရှိတယ်။ ဒါပေမယ့် မိုးမရွာတော့ တွင်းတော်တော် များများက ကောကုန် တာပါပဲ” ဟု ဓနထွန်းက ပြောသည်။

တောင်သူများ စိုက်ပျိုးရေးအခက်တွေ့သကဲ့သို့ မြို့ပေါ်တွင်လည်း မိုးမရွာဘဲ ပူအိုက်နေသဖြင့် ရပ်ကွက်အသီးသီးတွင် သံဃာတော် များကို ပင့်ဖိတ်ကာ ငရံ့မင်းပရိတ်တရား ရွက်ဖတ်နေကြရသည်ဟု မန္တလေးနှင့် မုံရွာမြို့ခံများက ပြောသည်။

“ပြီးခဲ့တဲ့ တပတ်လောက်က ရန်ကင်းတောင်က ငရံ့မင်းရုပ်တုပင့် မြို့ပတ်ပြီး ပရိတ်တရားတော်တွေ လှည့်ရွတ်တယ်။ အခုချိန်ထိတော့ မရွာသေးဘူး။ အားလုံးက မိုးမျှော်နေကြရတယ်။ ရပ်ကွက်တချို့က ရေတွင်းတွေလည်း ရေခန်းကုန်လို့ အခက်တွေ့နေကြရတယ်” ဟု မန္တလေးမြို့ခံက ပြောသည်။

source by : ခေတ်ပြိုင်

0 ယောက်ရဲ့ထင်မြင်ချက်: