ဒေါ်အောင်ဆန်းစုကြည်အတွက် ဆုတောင်းသူ အန်အယ်လ်ဒီလူငယ် ထိုးကြိတ်ခံရ
မင်းနိုင်သူ | ဒေါ်အောင်ဆန်းစုကြည်အတွက် မဟာမြတ်မုနိ ဘုရားကြီးသို့ မန္တလေးတိုင်း အန်အယ်လ်ဒီ လူငယ် ပါတီဝင်များက ယနေ့ သွားရောက် ၀တ်ပြု ဆုတောင်းခဲ့ရာတွင် စစ်အစိုးရ လိုလားသူများက လူငယ်ပါတီဝင် တဦးအား ထိုးကြိတ် ရိုက်နှက်ခဲ့ကြောင်း သိရသည်။
နေအိမ် အကျယ်ချုပ် ဖောက်ဖျက်မှုဖြင့် တရားစွဲခံနေရသော ဒေါ်အောင်ဆန်းစုကြည်အမှု အပြီးသတ် လျှောက်လဲရက် ရုံးချိန်းနေ့တွင် ၀တ်ပြု ဆုတောင်းပြီး အပြန် ထိုးကြိတ်ရိုက်နှက်ခံရသူမှာ မန္တလေးတိုင်းအရှေ့တောင်မြို့နယ်မှ ကိုတိုးကြီးဆိုသူဖြစ်သည်။
“ကျနော်တို့ အသွားကတည်းက ကြံ့ဖွံ့နဲ့ သတင်းတပ်ဖွဲ့ အင်အား (၅၀) လောက်က စောင့်ကြည့် နေတာဗျ။ ကျနော်တို့ လူစုနဲ့ သွားလာ နေတုန်းမှာတော့ စောင့်ကြည့် နေတာပဲရှိတယ်ဗျ။ ၀တ်ပြုဆုတောင်းပြီးအပြန် လူစုခွဲလိုက်တဲ့အချိန် ဆိုင်ကယ် ရပ်နားစခန်းမှာပဲ ကိုတိုးကြီးကို ၀ိုင်းထိုးကြတာဗျ။ လုပ်သွားတဲ့ လူတွေရဲ့ နာမည်တွေတော့ မသိရသေးဘူးဗျာ။ ကြံ့ဖွံ့တွေ တော့ပါတယ်” ဟု မန္တလေးတိုင်း အန်အယ်လ်ဒီ လူငယ်အဖွဲ့ဝင် ကိုမြင့်မော်က ပြောသည်။

ကိုတိုးကြီးကို ထိုးကြိတ် ရိုက်နှက်သူများမှာ (၅) ဦးခန့်ရှိပြီး တစုံတရာ ပြောဆိုခြင်း မရှိဘဲ အသားလွတ် ထိုးကြိတ်သွားခြင်းဖြစ်ပြီး ကိုတိုးကြီးက တစုံတရာပြန်လုပ်ခဲ့ခြင်းမရှိဟု သိရသည်။
ထိုကဲ့သို့ ထိုးကြိတ်ခံရခြင်းကြောင့် ကိုတိုးကြီး၏ ဦးခေါင်းတွင် ဒဏ်ရာရရှိသွားပြီး ရင်ဘတ်ကို အကန်ခံရသဖြင့် အရှိုက်အောင့်နေ၍ ဓာတ်မှန်ရိုက်ထားရသည်ဟု ကိုမြင့်မော်က ပြောသည်။
၎င်းက “အခုချိန် အထိတော့ ရဲစခန်းတွေ ဘာတွေတော့ တိုင်ချက် မဖွင့်သေးဘူးဗျာ။ တိုင်းစည်းရုံးရေး အဖွဲ့နဲ့ ဗဟိုကို အကြောင်းကြား ထားတယ်။ လူကြီးတွေရဲ့ သဘောထားအတိုင်း လုပ်စရာရှိတာ ဆက်လုပ်သွားပါ့မယ်။ တကယ်တော့ ၀တ်ပြု တယ်၊ ဆုတောင်းတယ် ဆိုတာ ကိုယ့်ဘာသာ အလိုက် လုပ်ခွင့် ရှိတာပဲဗျာ။ ဒါကို ရန်ရှာတာကတော့ ကျနော်တို့လူငယ်တွေကို ခြိမ်းခြောက်တာပဲ” ဟု ပြောသည်။
မန္တလေး မဟာမြတ်မုနိ ဘုရားကြီးသို့ မန္တလေးမြို့နယ်မှ အန်အယ်လ်ဒီလူငယ် (၁၅) ဦး သွားရောက် ၀တ်ပြုဆုတောင်းခဲ့ကြပြီး မန္တလေးတိုင်း မြို့နယ် အသီးသီးတွင်လည်း ၀တ်ပြု ဆုတောင်းပွဲများ ယနေ့ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
source by : ခေတ်ပြိုင်

0 ယောက်ရဲ့ထင်မြင်ချက်:
Post a Comment