7/25/2009

ကုလသမဂ္ဂကို ဒေါ်အောင်ဆန်းစုကြည် အမှာစကားပါး

မင်းနိုင်သူ | အင်းစိန် တရားခွင်ကို ယနေ့ပြန်လည်စတင်ရာ ဒေါ်အောင်ဆန်းစုကြည်က ၎င်း၏ ရှေ့နေများမှ တဆင့် ကုလသမဂ္ဂ နှင့် နိုင်ငံတကာအသိုင်းအ၀ိုင်းသို့ အမှာစကားတခု ပါးလိုက်သည်။

“ကုလသမဂ္ဂ အနေနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးကို အရင်မလုပ်ဘဲနဲ့ ၂၀၁၀ ရွေးကောက်ပွဲကို လုပ်မယ်ဆိုရင် ၂၀၁၀ ရွေးကောက်ပွဲဟာ မျှတမှုလည်းမရှိဘူး၊ တရားဝင်မှာလည်း မဟုတ်ဘူး ဆိုတာကို ကုလသမဂ္ဂအနေနဲ့ ကြေညာချက်တို့ ဘာတို့ ထုတ်ပြီး ပြောသင့်တယ်တဲ့။ အဲလိုပြောလိုက်တယ်” ဟု ဒေါ်အောင်ဆန်းစုကြည်၏ မှာကြားချက်ကို ပါတီပြောခွင့်ရ ပုဂ္ဂိုလ် ဦးအုံးကြိုင်က တဆင့် ပြန်လည်ပြောပြသည်။

ယခင်တရားခွင်များကို နံနက် (၁၀) နာရီတွင် အမှုစတင်ကြားနာလေ့ရှိသော်လည်း ယနေ့တရားခွင်ကို နေ့လယ် (၂) နာရီတွင်မှ စတင်ကြားနာပြီး ရှေ့နေကြီး ဦးကြည်ဝင်းက ဒေါ်အောင်ဆန်းစုကြည်အတွက် အပြီးသတ်လျှောက်လဲချက် ပေးခဲ့သည်။ ထို့နောက် တရားခွင်ကို ညနေ (၄)နာရီခွဲတွင် ရပ်နားကာ ဇူလိုင် (၂၇) ရက်သို့ ပြောင်းရွှေ့ချိန်းဆိုလိုက်သည်။

တရားခွင် အချိန်ပြောင်းရွှေ့ ကြားနာမှု အပေါ် ဒေါ်အောင်ဆန်းစုကြည်က ကျေနပ်မှု မရှိကြောင်း ၎င်း၏ရှေ့နေများကို ပြောကြားခဲ့သည်ဟု သိရသည်။

ယနေ့ တရားခွင်သို့ ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီနှင့် အမေရိကန်နိုင်ငံတို့မှ သံတမန်များကို တက်ရောက် နားထောင် ခွင့်ပြု ခဲ့သော်လည်း သတင်း မီဒီယာများကိုမူ တတ်ရောက်ခွင့် မပေးခဲ့ပေ။

အင်းစိန်ဈေးရှေ့တွင် ဒေါ်အောင်ဆန်းစုကြည်ကို အားပေး ထောက်ခံသူများ ပိုမို များပြားလာ သကဲ့သို့ လုံခြုံရေးချထားမှုလည်း ပိုမို များပြားသည်ဟု ကိုယ်တိုင် သွားရောက်ခဲ့သူ ဦးအုံးကြိုင်က ပြောသည်။

၎င်းက “ဆရာဦးဝင်းတင်လည်း ကျန်းမာရေးမကောင်းတဲ့အကြားကပဲ ဆိုက္ကာစီးပြီးလာတယ်။ ဦးအေးသာအောင်လည်းလာတယ်။ အန်အယ်လ်ဒီပါတီဝင်တွေလည်း လာကြတယ်” ဟု ပြောသည်။

လာမည့်တနင်္လာနေ့ရုံးချိန်းတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် အမှုတွဲဖြစ်သူ ဒေါ်ခင်ဝင်းနှင့် မ၀င်းမမတို့အတွက် အပြီးသတ် လျှောက်လဲချက်ကို ရှေ့နေဦးလှမျိုးမြင့်က လျှောက်ထားမည်ဖြစ်သည်။

နေအိမ် အကျယ်ချုပ်ဖြင့် ထိန်းသိမ်းခံနေရသော ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ခြံဝင်း အတွင်း အမေရိကန် နိုင်ငံသား မစ္စတာ ယက်တော ၀င်ရောက်ခဲ့မှုအတွက် နအဖစစ်အစိုးရက မေ (၁၈) ရက်တွင် နေအိမ်အကျယ်ချုပ်ဖောက်ဖျက်မှု ပုဒ်မ (၂၂) ဖြင့် အင်းစိန် အထူး တရားရုံး၌ ဒေါ်အောင်ဆန်းစုကြည်အား တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည် တို့အား တရားစွဲဆိုမှုတွင် နအဖစစ်အစိုးရဘက်က တရားလိုပြသက်သေ (၁၅) ဦး ထွက်ဆိုခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည် ဘက်မှ သက်သေ (၂) ဦးသာ တင်သွင်းခွင့်ပြုထားသည်။

၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် နေအိမ်အကျယ်ချုပ်ဖြင့် (၁၃) နှစ်ကျော်ကြာ စစ်အစိုးရ၏ ဖမ်းဆီးထိန်းသိမ်းခြင်း ခံခဲ့ရပြီး ယခုအမှုဖြင့် တရားစီရင်ခြင်းခံရပါက ဒေါ်အောင်ဆန်းစုကြည် သည် ထောင်ဒဏ် (၅) နှစ်အထိ ကျခံရဖွယ်ရှိသည်။

source by : ခေတ်ပြိုင်

0 ယောက်ရဲ့ထင်မြင်ချက်: