7/25/2009

(၁၀) သိန်းလာဘ်ယူကာ ဒီဂျစ်တယ်ဖုန်းလိုင်းသစ်များ လုပ်ပေး

ဝီရ | မွန်ပြည်နယ်၊ မော်လမြိုင်မြို့၌ အသုံးပြုရန် အဆင်မပြေ တော့သည့် အင်နယ်လော့ (Analog) ဖုန်းလိုင်း ဟောင်းများအား ဒီဂျစ်တယ်စနစ် ပြောင်းလဲတပ်ဆင်ပေးရာတွင် ဆက်သွယ်ရေး ဝန်ထမ်းများက လာဘ်ငွေယူကာ ဖုန်းလိုင်းမရှိသူများအတွက် လည်း လိုင်းသစ်များချပေးနေသည်။

ယခင် ဖုန်းလိုင်း အဟောင်း (၂၁၊ ၂၂၊ ၂၃) အစဂဏန်း သုံးစွဲ နေသူများကိုသာ ဒီဂျစ်တယ် စနစ်သို့ ပြောင်းလဲ ပေးမည်ဟု ဆက်သွယ်ရေး ဌာနက ကြော်ငြာထားသော်လည်း ဖုန်းလိုင်းမရှိသူများထံမှ ကျပ်ငွေ (၁၀) သိန်းယူပြီး နားလည်မှုဖြင့် ဖုန်းသစ်များ ချပေးနေကြောင်း မော်လမြိုင်မြို့၊ မြိုင်သာယာ ရပ်ကွက်သား တဦးက ပြောသည်။

၎င်းက “(၁၀) သိန်းပေးရင် နားလည်မှုနဲ့ လုပ်ပေးနေတယ်။ ဆက်သွယ်ရေး ဝန်ထမ်းတွေ ကိုယ်တိုင်ပဲ၊ ပွဲစားမလိုဘူး။ အဲဒါကြောင့် လျှောက်လွှာ တင်သွင်းရမယ့် ကောင်တာမှာတောင် ‘လျှောက်လွှာလာရောက် တင်သွင်းခြင်း မပြုသူများ၏ လိုင်းဟောင်းများအား ဖြတ်ပစ်မည်’ ဆိုပြီးတော့ စာကပ်ထားတယ်။ ဆိုလိုတာက ကြိုးလဲဖို့ ပိုက်ဆံ (၄) သိန်းခွဲ လာမသွင်းရင် လိုင်းဟောင်းကို ဖြတ်မယ်ဆိုတဲ့ သဘောပေါ့။ လာမလျှောက်တဲ့ လိုင်းတွေကို ပြန်ရောင်းတာပေါ့” ဟု ပြောသည်။

မြိုင်သာယာ ရပ်ကွက်မှ ဖုန်းလိုင်းများ အတွက် ဒီဂျစ်တယ် စနစ် ပြောင်းလဲ ရာတွင် သတ်မှတ်နှုန်းမှာ (၄) သိန်းခွဲဖြစ်ပြီး လာရောက် တပ်ဆင်သည့် အချိန်တွင် ကေဘယ်လ်ကြိုး အရှည်ပေါ်မူတည်၍ နောက်ထပ် ကျပ်ငွေ (၂) သိန်းမှ (၃) သိန်းအထိ ထပ်မံပေးဆောင် ရမည်ဟု ၎င်းက ပြောသည်။

ဒီဂျစ်တယ်စနစ် လိုင်းပြောင်းရန် နောက်ဆုံး လျှောက်လွှာ တင်သွင်းရက်ကို ယခုလကုန်သတ်မှတ် ထားသော်လည်း ဖုန်းခ လက်ကျန်များ ရှင်းရန် ကြန့်ကြာနေသည့်အတွက် သြဂုတ် (၁၅) ရက်နေ့အထိ လျှောက်ထားနိုင်ကြောင်း သိရသည်။ ဖုန်းမရှိသေးသည့် အိမ်များ အတွက် တိုးတိုးတိတ်တိတ် လုပ်ဆောင် ပေးနေသည့်ကြေး ကျပ် (၁၀) သိန်းမှာ လိုင်းရရှိရန် အတွက်သာ ဖြစ်ပြီး အခြားကြိုးသစ် သွယ်ရန် အတွက် ထပ်ပေးရမည်ဖြစ်သဖြင့် (၁၀) သိန်းအထက် ကုန်ကျမည် ဖြစ်ကြောင်း အခြားမြို့ခံတဦးက ပြောသည်။

source by : ခေတ်ပြိုင်

0 ယောက်ရဲ့ထင်မြင်ချက်: