6/20/2009

မုန်တိုင်းသင့်ပြည်သူများကို ကူညီနေသည့် NGO အချို့ ဗီဇာသက်တမ်း တိုးမရ


RFA
၂ဝဝ၈ ခုနှစ်မေလမှာ တိုက်ခတ်သွားတဲ့ နာဂစ် မုန်တိုင်းကာလ နောက်ပိုင်း မုန်တိုင်းသင့် ဒေသက ပြည်သူတွေအတွက် ကျန်းမာရေး ၊ ပညာရေး ၊ ပြန်လည်ထူထောင်ရေး ကိစ္စတွေကို ကူညီဖို့ မြန်မာနိုင်ငံမှာ စေတနာ့ဝန်ထမ်းအလုပ်တွေ လုပ်ကိုင်နေတဲ့ နိုင်ငံခြားသား NGO တွေကို မြန်မာစစ်အစိုးရက နေထိုင်ခွင့်ဗီဇာ သက်တမ်း ဆက်တိုး မပေးတော့ဘူးလို့ RFA က စုံစမ်း သိရှိရပါတယ်။

NGO လုပ်ငန်းတွေမှာ ဝင်ရောက် လုပ်ကိုင်နေတဲ့ နိုင်ငံခြားသားတချို့ နေထိုင်ခွင့် ဗီဇာသက်တမ်း အပိတ်ပင်ခံရတာနဲ့ ပတ်သက်ပြီး NGO အဖွဲ့အစည်းတွေနဲ့ နီးစပ်သူ ရန်ကုန်မြို့ခံတဦးက ခုလို ပြောပြပါတယ်။

ရန်ကုန်မြို့ခံ။ ။ 'တချို့ သူတို့ဖာသာသူတို့ သီးသန့် ဝင်ပြီးတော့ local NGO နဲ့ ချိတ်ပြီး လုပ်ထားတဲ့ဟာတွေကို မပေးတာ။ အဓိက ဝင်လာတာတော့ အဲဒီ ပြင်သစ် NGO တွေ များတယ်။ ပြင်သစ်နဲ့ ဂျာမန်တွေ များတယ်။ ဗီဇာ အများဆုံး သုံးလအထိ ပေးတယ်။ အဲဒီ ရှေ့တုန်းက တိုးတိုး ပေးတယ်။ ဒီနောက်ပိုင်းမှ ပြန်ဖြတ်သွားတာဗျ။ အခုဟာက ဘာပြဿနာ ရှိလို့လည်း မသိဘူး။ ကျန်းမာရေးဆိုက်ဖက် ရှိတယ်။ ပြန်လည်ထူထောင်ရေး ရှိတယ်။ အိမ်တွေဘာတွေ ဆောက်ပေး၊ ကျောင်းတွေဘာတွေ ဆောက်ပေးပေါ့နော်။ အခုဟာက ပြန်လည်ထူထောင်ရေး လုပ်ပေးနေတဲ့ ဟာတွေဖက်ကို သိပ်မပေးတာ။ အိမ်ပြန်ဆောက်ပေးနေတဲ့ အဖွဲ့တို့ ဘာတို့။ ဒါပေမဲ့ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းတို့ ဘာတို့နဲ့ တွဲပြီးလုပ်တဲ့ အစ္စရေးလ် NGOတွေ ဘာတွေဆိုရင် ရတယ်။ FAO တို့ဘာတို့ကနေ ချိတ်လုပ်တဲ့ဟာတွေကျတော့ ရပြန်ရော။ နောက် မာလင်းတို့ ဘာတို့ အမေရိကန်တွေလည်း ရှိတယ်။ အဲဒီကောင်တွေကတော့ ကျန်းမာရေးဝန်ကြီးဌာန ဘာညာနဲ့ တွဲလုပ်တာဆိုတော့ ပြဿနာ မရှိဘူး။'

NGO အဖွဲ့ထဲက နိုင်ငံခြားသားတွေ မြန်မာနိုင်ငံမှာ ဆက်လက် အလုပ်လုပ်နိုင်ဖို့ ဗီဇာ ဆက်တိုးပေးရေး မပေးရေးကိစ္စတွေကို နိုင်ငံတော် အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီ အတွင်းရေးမှူး (၁) ဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင်မြင့်ဦး လက်အောက်က အဖွဲ့တဖွဲ့က စဉ်းစားဆုံးဖြတ်နေတာ ဖြစ်ကြောင်း သိရပါတယ်။ အတည်မပြုနိုင်သေးတဲ့ သတင်းတရပ်အရ NGO အဖွဲ့ထဲမှာ အလုပ်လုပ်နေတဲ့ နိုင်ငံခြားသားတွေကို ဗီဇာသက်တမ်း တိုးမပေးတာဟာ မြန်မာ့နိုင်ငံရေးကို အဆိုပါ နိုင်ငံခြားသားတွေက ဝင်ရောက်စွက်ဖက်မှာကို စစ်အစိုးရက စိုးရိမ်နေတာကြောင့်ပဲ ဖြစ်ကြောင်း သိရပါတယ်။

အခုလို နာဂစ်မုန်တိုင်းသင့် ဒေသခံ ပြည်သူတွေအတွက် နိုင်ငံခြားသား NGO တွေ မရှိတော့ရင် ဒေသခံပြည်သူတွေ ဒုက္ခနဲ့ ရင်ဆိုင်ရမှာဖြစ်တယ်လို့ စောစောက ရန်ကုန်မြို့ခံက ပြောပြပါတယ်။

ရန်ကုန်မြို့ခံ။ ။ 'ထိတာတော့ ထိခိုက်မှာပဲ။ ဘာလို့လဲဆိုတော့ တချို့နေရာတွေက ဟို ရှင်းရှင်းပြောရင်၊ တကယ့် ဟို အခြေတကျ မဖြစ်သေးတဲ့ နေရာတွေ အများကြီး ရှိသေးတယ်။ မိုးတွင်းကာလ ရောက်တဲ့အချိန်မှာ ဒီ အမိုးအကာအောက် မရောက်သေးတဲ့ နေရာတွေ၊ ဥပမာ၊ စာသင်ကျောင်းတွေ လိုနေသေးတာတွေ အများကြီး ရှိသေးတာပဲ။ နောက် တကျော့ပြန် ကျန်းမာရေး ဆိုးလာမဲ့ အနေအထားတွေ ရှိတယ်။ ဘာလို့လဲဆိုတော့ ဒီ မိုးမကျခင်က အဲဒီ သောက်သုံးရေ ပြဿနာ ရှားပါးပြီးတော့ ဒီ ရေ မသန့်ရှင်းမှုကြောင့် ဝမ်းရောဂါတွေ ဘာတွေ ဖြစ်တာ။ အခု မိုးကျပြီးတဲ့အချိန်မှာလည်း ဒီ သွေးလွန်တုပ်ကွေးလိုမျိုးနဲ့ အဲဒီ ဒေသဖက်မှာက ကျန်းမာရေးနဲ့ ပတ်သက်လို့ ဆေးဘာညာ မရှိဘူးလေ။ အဲဒါတွေမှာ နည်းနည်း ပြဿနာ ဖြစ်နိုင်တယ်။'

နာဂစ်မုန်တိုင်းသင့် ဒေသခံ ပြည်သူတွေကို အကူအညီပေးနိုင်ဖို့ NGO တွေကို ပြည်ဝင်ခွင့်ဗီဇာ ပေးပါဆိုပြီး မြန်မာစစ်အစိုးရကို အာဆီယံ အထွေထွေ အတွင်းရေးမှူးချုပ် ဆူရင်းပစ်ဆူဝမ်က ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း တိုက်တွန်းခဲ့ကြောင်း သိရပါတယ်။




0 ယောက်ရဲ့ထင်မြင်ချက်: