6/20/2009

နာရေးကူညီမှု အသုဘယာဉ်များကို မြို့ပြင်ရွှေ့ခိုင်း၍ ကူညီရေးခက်ခဲ


RFA

ရုပ်ရှင်မင်းသား အကယ်ဒမီ ကိုကျော်သူတို့ ဦးစီးဆောင်ရွက်နေတဲ့ နာရေးကူညီမှုအသင်းက ဈာပန ပို့ဆောင်တဲ့ကားတွေကို အာဏာပိုင်တွေရဲ့ ညွှန်ကြားချက်ကြောင့် ရေဝေးသုဿန်ကို ပြောင်းရွှေ့နေရရာမှာ အခက်အခဲတွေ ပိုရှိလာပြီး အရင်ကလောက် မကူညီနိုင်တော့ဘူးလို့ သိရပါတယ်။

ရုပ်ရှင်မင်းသား ကျော်သူဦးစီးသော နာရေးကူညီမှုအသင်း ရုံးရှေ့တွင် အသုဘယာဉ်တစီး ရပ်ထားပုံ ဖြစ်ပါသည်။ ယခုအခါ အာဏာပိုင်များက အသုဘယာဉ်များကို ရန်ကုန်မြို့တွင်းမှာ ထားခွင့်မပေးတော့ပဲ မြို့ပြင်ရှိ ရေဝေးသုဿာန်သို့ ပြောင်းရွှေ့စေပါသည်။ (Photo: Free Funeral Services Society -F.F.S.S)

အသုဘယာဉ်တွေကို မြို့ထဲထားတာဟာ မြို့တော်အင်္ဂါရပ်နဲ့ မညီဘူးလို့ အကြောင်းပြပြီး နာရေးကူညီမှု ကားတွေကို လာမဲ့ ဇူလိုင်လ ၃၁ ရက်နေ့ နောက်ဆုံးထား ရွှေ့ရမယ်လို့ အာဏာပိုင်တွေက ညွှန်ကြားထားတာပါ။ ရေဝေးသုဿန်မှာ အသုဘယာဉ်တွေ ထားတဲ့ အတွက်လည်း စည်ပင်သာယာ ဌာနကို တလကို ကျပ်ငွေ တသောင်းပေးရတယ်လို့ ဆိုပါတယ်။



အခုလို ရေဝေးကို ပြောင်းလိုက်ရတဲ့တွက် ပြည်သူလူထု ရှိရာအရပ်တွေနဲ့ ဝေးသွားပြီး အသုဘကိစ္စ အကြောင်းကြားလာရင် အရင်ဆုံး ရေဝေးသုဿန်ကို အဆင့်ဆင့်သွားပြီး ကားယူရတဲ့အတွက် အချိန်ကြန့်ကြာတဲ့အပြင်၊ လမ်းပန်းဆက်သွယ်ရေး ဝေးလံတဲ့အတွက် အသင်းရဲ့ လူမှုဝန်ထမ်းတွေရဲ့ အိမ်ပြန်ချိန်ကိုလည်း စောပြီး စီစဉ်ရတယ်လို့ ကိုကျော်သူက ပြောပါတယ်။

ကိုကျော်သူ။ ။ 'ဘက်စုံပဲ အကူအညီတောင်းတာပဲ။ စစ်တပ် အသိုင်းအဝိုင်း ဆိုလည်း ကျွန်တော်တို့ အကူအညီတောင်းတာပဲ။ အခု လူသတ်မှု police case တွေပေါ့၊ အဲဒါတွေ ဆွဲကြိုးချတာတို့၊ ရထားတိုက်တာတို့၊ ရေနစ်သေတာတို့ အဲဒါတွေလည်း ကျွန်တော်တို့ပဲ လုပ်ပေးရတာ။ အမှန်မှာ ဒါ စည်ပင်က လုပ်ရမဲ့ ကိစ္စ၊ ဒါပေမဲ့ ကျွန်တော်တို့ပဲ အကူလာတောင်းတော့ ကျွန်တော်တို့ပဲ လုပ်ပေးနေရတယ်။ ကျွန်တော်တို့ကတော့ အားလုံး ဆင်းရဲချမ်းသာမရွေး၊ မိတ်ဆွေ ရန်သူမရွေး အားလုံး လုပ်ပေးနေရတာပေါ့လေ။ ဒါပေမဲ့ အခု ကျွန်တော်တို့ ကူညီပေးတဲ့အပိုင်းက နည်းနည်းတော့ နည်းသွားတယ်။ အစတုန်းက တနေ့ကို အလောင်း ၅ဝကို သင်္ဂြိုဟ်ပေးရတယ်။ အခုဆိုရင် အလောင်း ၃၅ လောက်ပဲ ကျွန်တော်တို့က လုပ်ပေးနိုင်တော့တယ်။ အချိန်က ကျွန်တော်တို့က မရတော့ဘူး။ မရဘူးဆိုတာ ဒီရေဝေးမှာ ကားသွားယူရတာ ဝန်ထမ်းတွေက။ ဝေးသွားတယ်။ ဝေးပြီးတော့ ဘတ်စ်ကားဂိတ်က ဒီ ကျွန်တော်တို့ ရုံးရှိတဲ့ သုဿာန် နေရာအထိကို ဆိုက်ကားခ ၃ဝဝနဲ့ ပေးစီးရတယ်။ အဲဒီတော့ သူတို့ လာတဲ့အချိန် နောက်ကျသလို ကျွန်တော်တို့ ကူညီမှု အပိုင်းကလည်း အချိန်နောက်ကျသွားတာပေါ့လေ။ ပြီးတော့ သိမ်းတဲ့အချိန်ကျတော့လည်း ကျွန်တော်တို့က နည်းနည်း စောသိမ်းရတဲ့ သဘောဖြစ်သွားတယ်။'

ကိုကျော်သူတို့ရဲ့ နာရေးကူညီမှုအသင်းက လူတန်းစားမရွေး ဈာပနကူညီပေးနေတဲ့အပြင်၊ ဆေးခန်းတခု ဖွင့်လှစ်ထားပါတယ်။ အခုတော့ အဲဒီဆေးခန်းလည်း မြောက်ဒဂုံဘက်ကို ပြောင်းရွှေ့ပေး ရကြောင်း၊ တရက်ကို လူနာမျိုးစုံ တရာ့ငါးဆယ်လောက် ကုသပေးနေကြောင်း ကိုကျော်သူက ပြောပါတယ်။

ကိုကျော်သူ။ ။ 'ဆေးခန်းလည်း မြောက်ဒဂုံမှာ သူတို့ ပေးထားတဲ့နေရာပေါ့လေ။ အမှိုက်ပုံကြီးမှာ။ လူနာဆိုလည်း အခုဆိုရင် တနေ့တနေ့ကို အယောက် ၁၅ဝလောက် တိုးတက်လာတယ်ပေါ့လေ။ အထွေထွေ ရောဂါလည်းရှိတယ်၊ ပြီးတော့ မျက်စိခွဲတဲ့ ဆရာဝန်ရှိတယ်။ အရိုးအကြောလည်း ရှိတယ်။ အရေပြားအထူးကု ရှိတယ်။ နောက် ခလေးအထူးကုရှိတယ်။ ပြီးတော့ မီးယပ်နဲ့ သားဖွားပေါ့၊ OG အထူးကုတွေ ရှိတယ်။ လူနာကတော့ အစုံပါပဲ၊ လာတာကတော့။'

နာရေးကူညီမှုအသင်းဟာ ပြည်တွင်းပြည်ပ အလှူရှင်တွေရဲ့ လှူဒါန်းမှုနဲ့လုပ်ကိုင်လည်ပတ် နေရတာပါ။ အလှူရှင်တွေလည်း အတော်ရရှိတယ်လို့ ကိုကျော်သူက ပြောပါတယ်။ တကယ်လို့ ပြည်ပရောက် မြန်မာတွေက လှူဒါန်းချင်တယ်ဆိုရင်လည်း အသင်းရဲ့ အင်တာနက်စာမျက်မှာ လေ့လာနိုင်သလို အသင်းရုံးကိုလည်း ဆက်သွယ်နိုင်တယ်လို့ သိရပါတယ်။




0 ယောက်ရဲ့ထင်မြင်ချက်: