6/13/2009

စင်္ကာပူတွင် H1N1 ကူးစက်ခံရသူ ၂၁ ဦးအထိ တိုးလာ


thanlwin

စင်္ကာပူ (ဇွန် ၁၂) - စင်္ကာပူတွင် H1N1 တုပ်ကွေးဗိုင်းရပ်စ် ကူးစက်ခံရသူ နောက်ထပ် ၃ ဦး ထပ်မံ၍ တိုးလာသည့် အတွက် ယခုအချိန်ထိ ၂၁ ဦး ရှိသွားပြီ ဖြစ်သည်။

ထို ၃ ဦးအနက် ၂ ဦးမှာ အင်္ဂါနေ့က သြစတြေးလျနိုင်ငံမှ ပြန်လာသူများ ဖြစ်ပြီး ကျန် ၁ ဦးမှာ တနင်္ဂနွေနေ့က အမေရိကန်နိုင်ငံမှ ပြန်လာသူ ဖြစ်သည်။

၁၉ ယောက်မြောက် ကူးစက်ခြင်းခံရသူမှာ သြစတြေးလျနိုင်ငံ မဲလ်ဘုန်းတွင် ပညာသင်ကြားနေသည့် စင်္ကာပူ၌ အမြဲတမ်းနေထိုင်ခွင့်ရထားသူ (PR) အသက် ၂၁ နှစ်အရွယ် ကျောင်းသူဖြစ်ပြီး သူမသည် အင်္ဂါနေ့ညနေ ၄ နာရီက စင်္ကာပူလေကြောင်းလိုင်းပိုင် SQ 238 လေယာဉ်ဖြင့် ပြန်လည် ရောက်ရှိလာခဲ့ခြင်း ဖြစ်ပြီး လေယာဉ်ပေါ်တွင် ထိုင်ခုံတန်းအမှတ် ၄၆ တွင် စီးနင်း လိုက်ပါခဲ့ပြီး လေယာဉ်ပေါ်ကတည်းက ရောဂါလက္ခဏာများ စတင် ပြသနေခဲ့သည်ဟု သိရသည်။



သို့ရာတွင် သူမမှာ ဖျားနာခြင်း မရှိခဲ့သည့်အတွက် လေဆိပ်ရှိ အပူချိန်တိုင်းကိရိယာများဖြင့် စမ်းသပ်တွေ့ရှိခြင်း မရှိခဲ့ဘဲ ချန်ဂီလေဆိပ်မှ နေအိမ်သို့ အဌားကား စီးကာ ပြန်ခဲ့သည်။ သူမအား ပြန်လည်ရောက်ရှိပြီး နောက်တစ်နေ့ နေ့လည်အချိန်တွင် ကူးစက်တတ်သော ရောဂါကုသရေးဌာန(CDC) သို့ ပို့ဆောင်လိုက်ပြီး ယမန်နေ့က ရရှိသည့် ဓာတ်ခွဲခန်း စမ်းသပ်မှု အဖြေအရ သူမတွင် H1N1 ကူးစက်နေကြောင်း အတည်ပြုနိုင်ခဲ့သည်။

၂၀ ယောက်မြောက် ကူးစက်ခြင်းခံရသူမှာ အသက် ၁၇ အရွယ် စင်္ကာပူနိုင်ငံသား ၁ ဦးဖြစ်ပြီး သူသည် အမေရိကန်နိုင်ငံ လော့အိန်ဂျလိစ်မြို့မှ စင်္ကာပူသို့ ဟောင်ကောင်တွင် တထောက်နားကာ ကာသေ့ပစိဖိတ်လေကြောင်းလိုင်းပိုင် လေယာဉ်အမှတ် CX 717 ဖြင့် တနင်္ဂနွေနေ့ နေ့လည်က ပြန်လည် ရောက်ရှိလာခဲ့ပြီး လေယာဉ်ထိုင်ခုံတန်းအမှတ် ၃၈ တွင် စီးနင်း လိုက်ပါခဲ့သည်ဟု သိရသည်။

၎င်းအား မိသားစုဝင် ၁ ဦးက လေဆိပ်တွင် သွားရောက်ကြိုခဲ့ပြီး ပြန်ရောက်ပြီးနောက် အိမ်တွင်သာ အနေများခဲ့သည်ဟု ဆိုသည်။ ဗုဒ္ဓဟူးနေ့တွင် ရောဂါလက္ခဏာများ စတင်ပြသလာသည့်အတွက် CDC သို့ ပို့ဆောင်လိုက်ကာ ယမန်နေ့ ဓာတ်ခွဲခန်း စမ်းသပ်မှု ရလဒ်များအရ ၎င်းတွင် H1N1 ကူးစက်လျက် ရှိကြောင်း အတည်ပြုနိုင်ခဲ့သည်။

၂၁ ယောက်မြောက် ကူးစက်ခြင်း ခံရသူမှာ သြစတြေးလျနိုင်ငံ မဲလ်ဘုန်းတွင် ပညာသင်ကြားနေသည့် အသက် ၂၁ နှစ်အရွယ် အင်ဒိုနီးရှားလူမျိုး ကျောင်းသား ၁ ဦး ဖြစ်ပြီး ၎င်းသည် မဲလ်ဘုန်းမှ စင်္ကာပူသို့ စင်္ကာပူလေကြောင်းလိုင်ပိုင် SQ 228 ဖြင့် အင်္ဂါနေ့တွင် ပြန်လည် ရောက်ရှိလာခဲ့ပြီး လေယာဉ် ထိုင်ခုံတန်းအမှတ် ၄၇ တွင် စီးနင်းလိုက်ပါလာခဲ့သည်ဟု သိရသည်။

၎င်းသည် ပြန်ရောက်ပြီး နောက်တစ်နေ့တွင်ပင် ရောဂါလက္ခဏာများ ပြလာသည့်အတွက် ဆရာဝန်ထံ သွား၍ ပြသခဲ့သည်။ ထို့နောက် နေအိမ်သို့ ပြန်လာခဲ့ပြီး အပြင် မထွက်ဖြစ်တော့ချေ။ ၎င်းအား ယမန်နေ့ မနက်တွင် CDC သို့ ပို့ဆောင်လိုက်ပြီး H1N1 ကူးစက်နေကြောင်းကို ထိုနေ့ ညနေတွင်ပင် အတည်ပြုနိုင်ခဲ့သည်။

အင်္ဂါနေ့က စင်္ကာပူလေကြောင်းလိုင်းပိုင် လေယာဉ်အမှတ် SQ 238 ရှိ လေယာဉ် ထိုင်ခုံတန်းအမှတ် ၄၄ နှင့် ၄၈ အကြား စီးနင်း လိုက်ပါခဲ့ကြသူများနှင့် လေယာဉ်အမှတ် SQ 228 ရှိ လေယာဉ် ထိုင်ခုံတန်းအမှတ် ၄၅ နှင့် ၄၉ အကြား စီးနင်းလိုက်ပါခဲ့ကြသူများ အနေဖြင့် စင်္ကာပူ ကျန်းမာရေးဝန်ကြီးဌာနမှ ဆက်သွယ်ခြင်း မပြုရသေးသူများ ရှိပါက အရေးပေါ် ဖုန်းနံပါတ် ၁၈၀၀-၃၃၃-၉၉၉၉ သို့ ဆက်သွယ် အကြောင်းကြား ပါရန် နှိုးဆော်ထားသည်။

ကာသေ့ပစိဖိတ် လေကြောင်းလိုင်းဖြင့် လိုက်ပါလာခဲ့သည့် ၂၀ ယောက်မြောက် ကူးစက်ခံရသူမှာမူ လေယာဉ်ပေါ်မှ ဆင်းပြီး ၂၄ နာရီ ကျော်ကြာတွင်မှ ရောဂါလက္ခဏာ ဖြစ်ပွားခြင်း ဖြစ်သဖြင့် ၎င်း၏ အနီးတွင် လိုက်ပါခဲ့ကြသည့် လေယာဉ်ပေါ်ပါ ခရီးသည်များအား စစ်ဆေးမှု ပြုလုပ်ရန် မလိုအပ်ပေ။

Source: Straits Times



0 ယောက်ရဲ့ထင်မြင်ချက်: