6/14/2009

ရခိုင်ပြည်မှ ရေအားလျှပ်စစ် ဘင်္ဂလာသို့တင်ပို့ရန် မြန်မာ စစ်အစိုးရမှ လိုလား



မြန်မာနိုင်ငံအနောက်ဘက် ရခိုင်ပြည်နယ်တွင် မီဂါဝပ် ၅၀၀ ထုတ်လုပ် နိုင်မည့် ရေအား လျှပ်စစ်စက်ရုံ တစ်ခု တည်ဆောက်ပြီး ဘင်္ဂလာဒေ့ခ်ျနိုင်ငံသို့ လျှပ်စစ်ဓါတ်အား တင်ပို့ရန် မြန်မာ စစ်အစိုးရဘက်မှ လိုလားလျက်ရှိ ကြောင်း ဘင်္ဂလာဒေ့ခ်ျ နိုင်ငံခြားရေး ၀န်ကြီး ဒီပူမိုနီက ပြောသည်။

ဒီပူမိုနီက ယမန်နေ့တွင် ဒက္ကားမြို့၌ ကျင်းပသည့် ဘင်္ဂလာဒေ့ခ်ျ-မြန်မာ ဆက်ဆံရေး အကြောင်း ဆွေးနွေးပွဲတွင် မိန်ခွန်း ပြောကြားစဉ် ယခုကဲ့သို့ ထုတ်ဖေါ် ပြောကြား ခဲ့ခြင်းဖြစ်သည်။

ထိုဆွေးနွေးပွဲသို့ ဘင်္ဂလာဒေ့ခ်ျဆိုင်ရာ မြန်မာသံအမတ် ဦးဖေသန်းဦးလည်း တက်ရောက်ခဲ့သည်။

ဘင်္ဂလာဒေ့ခ်ျသို့ လျှပ်စစ်ဓါတ်အား တင်ပို့နိုင်ရန် အတွက် ရခိုင်ပြည်တွင် ရေအား လျှပ်စစ်စက်ရုံနှစ်ခု တည်ဆောက်ရန် ဒေသခံဆောက်လုပ်ရေး ကုမ္ပဏီတစ်ခုဖြစ်သည့် ရွှေတောင် ဖွံ့ဖြိုး တိုးတက်ရေး ကုမ္ပဏီအား ခွင့်ပြုလိုက်ပြီဖြစ်ကြောင်းကို မြန်မာဘက်မှ ဘင်္ဂလာဒေ့ခ်ျသို့ များမကြာမီက အကြောင်း ကြားခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီး ဒီပူမိုနီက ပြောသည်။



ဘင်္ဂလာ နိုင်ငံခြားရေးဝန်ကြီးက များမကြာခင်က လည်ပတ်ခဲ့သည့် သူမ၏ မြန်မာခရီးအတွင်း ရွှေတောင် ကုမ္ပဏီ ဒါရိုက်တာနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်ဟု ထုတ်ဖေါ် ပြောကြားခဲ့သည်။

အဆိုပါ ရခိုင်ပြည်၌ တည်ဆောက်မည့် ရေအား လျှပ်စစ် စီမံကိန်းအား သွားရောက် စစ်ဆေးလေ့လာ ရန် ဘင်္ဂလာဒေ့ခ်ျ စွမ်းအင်နှင့် သဘာဝ သံယံဇာတ ၀န်ကြီးဌာနမှ ကျွမ်းကျင်သူအဖွဲ့တစ်ဖွဲ့သည် လာမည့် ဇူလိုင် လဆန်းပိုင်းတွင် မြန်မာနိုင်ငံသို့ သွားရောက် လည်ပတ်မည် ဖြစ်ကြောင်းလည်း သူမက ပြောကြားခဲ့သည်။

အဆိုပါဘင်္ဂလာကျွမ်းကျင်သူများအဖွဲ့မှာ ရခိုင်ပြည်နယ်၌ တည်ဆောက်နေသော ဘူးသီးတောင် မြို့နယ်မှ စိုင်းတင်ရေအားလျှပ်စီမံကိန်းသို့လည်း သွားရောက် လည်ပတ်မည်ဖြစ်သည်ဟု သိရသည်။

ဒေသခံ ရခိုင်ပြည်သူများ၏ ပြောကြားချက်အရ နအဖ စစ်အစိုးရသည် ရခိုင်ဒေသအတွင်း ဖွံ့ဖြိုးရေး လုပ်ငန်းများအား ကြိုးပမ်း လုပ်ဆောင်နေသည်ဟုဆိုကာ ကာလအတန်ကြာ လျစ်လျူထားခဲ့သည့် ဘူးသီးတောင်မြို့၏ အရှေ့ဘက် မိုင်(၃၀) အကွာတွင်ရှိသော စိုင်းတင် ရေအားလျှပ်စစ် စီမံကိန်းအား ယခုနှစ်မှ စတင် အကောင်အထည်ဖော် တည်ဆောက်လျက်ရှိသည်။

အဆိုပါ စီမံကိန်း၏ အနီးဝန်းကျင်တွင်ရှိသည့် ကျေးရွာ (၆)ခုအား ထောက်ပံ့ငွေတစ်စုံတရာ ကူညီ ပေးခြင်းမရှိဘဲ များမကြာမီက အတင်းအဓမ္မ ရွှေ့ပြောင်းပစ်ခဲ့သည်ဟု ဒေသခံများက ပြောသည်။

စိုင်းတင်ရေတံခွန်၌ တည်ဆောက်နေသည့် ရေအား လျှပ်စစ် ဓါတ်အားပေးစက်ရုံမှ မီကာဝပ် ၇၀ ထုတ်လုပ်နိုင်မည် ဖြစ်ပြီး ၂၀၁၂-ခုနှစ်မှစ၍ ရခိုင်ပြည်အတွင်း လျှပ်စစ် ထုတ်ဝေ ဖြန့်ဖြူး ပေးနိုင်မည် ဖြစ်ကြောင်း နအဖ စစ်အစိုးရက ထုတ်ဖော် ပြောကြားလျက်ရှိသည်။


Source:narinjara


0 ယောက်ရဲ့ထင်မြင်ချက်: