တရားရုံးချုပ်ကို ဆုံးဖြတ်ချက် ပြင်ရန် ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများ လျှောက်ထား
RFA
ဒေါ်အောင်ဆန်းစုကြည်ကို စစ်အစိုးရက တရားစွဲဆိုထားတဲ့အမှုမှာ၊ ဒေါ်အောင်ဆန်းစုကြည် တင်ပြတဲ့ သက်သေတွေကို အောက်တရားရုံး အဆင့်ဆင့်က ပယ်ချခဲ့တဲ့ ဆုံးဖြတ်ချက်ကို ပြန်လည် ပြင်ဆင်ပေးဖို့၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့၊ ရှေ့နေတွေက ဒီကနေ့ ဇွန်လ ၁၁ ရက် မနက်ပိုင်းမှာ၊ တရားရုံးချုပ်ကို လျှောက်ထားခဲ့ပါတယ်။
စစ်အစိုးရ၏ မြန်မာ့ရုပ်မြင်သံကြားမှ ထုတ်လွှင့်ပြသသော သတင်းအစီအစဉ်တွင် မေလ ၂ဝရက်နေ့က အင်းစိန်ထောင် အထူးတရားရုံးသို့ ဒေါ်အောင်ဆန်းစုကြည်ကို ကားဖြင့် ခေါ်သွားတော့မည့်ပုံ ဖြစ်ပါသည်။ (Photo: AFP)
လက်ခံရေးအဆင့် လျှောက်လဲချက်ကို လာမဲ့ ၁၇ ရက်နေ့မှာ တင်ဖို့၊ တရားရုံးချုပ်က ပြန်လည် အကြောင်းကြားခဲ့တယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေ တဦးဖြစ်တဲ့ ဦးဥာဏ်ဝင်းက RFA ကို ပြောဆိုပါတယ်။
ဦးဉာဏ်ဝင်း။ ။ 'တရားရုံးချုပ် တင်ပြီးတော့၊ ၁၂နာရီလောက်ကျတော့ တရားရုံးက ကျွန်တော်တို့ဆီကို လာအကြောင်းကြားတယ်၊ လာမဲ့ ၁၇ရက်နေ့ လာမဲ့အပတ် ဗုဒ္ဓဟူးပေါ့၊ ဒီ တင်လိုက်တဲ့အမှုနဲ့ ပတ်သက်ပြီးတော့ လက်ခံရေးအဆင့်၊ အဲဒီတော့ လက်ခံရေးအတွက် ကျွန်တော်တို့ လျှောက်လဲချက်၊ ၁၇ရက်နေ့ လာပေးပါဆိုပြီးတော့ အကြောင်းကြားထားပါတယ်။'
မြန်မာနိုင်ငံ တရားစီရင်ရေး၊ လုပ်ထုံးလုပ်နည်းတွေအရ၊ ပထမအဆင့်နေနဲ့ လျှောက်လဲချက်ကို လက်ခံ၊ လက်မခံ အရင်ဆုံးဖြတ်မှာ ဖြစ်ပြီး၊ ဒုတိယ အဆင့်ကျမှသာ အောက်ရုံးရဲ့ ဆုံးဖြတ်ချက်ကို ပြန်လည် ပြင်ဆင်မလား၊ မပြင်ဆင်ဘူးလား ဆိုတာကို တရားရုံးချုပ် တရားသူကြီးတွေက၊ ဆုံးဖြတ်မယ်လို့ သိရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်က တင်ပြတဲ့ သက်သေ ၄ ဦးထဲက၊ လပွတ္တာအမတ် ဦးကြည်ဝင်း တဦး တည်းကိုသာ အင်းစိန်ထောင်တွင်း ခရိုင်တရားရုံးက လက်ခံခဲ့တဲ့အတွက်၊ ပြန်လည် ပြင်ဆင်ချက်ကို တိုင်းတရားရုံးမှာ လျှောက်ထားခဲ့ပါတယ်၊ တိုင်းတရားရုံးကနေ ဒေါ်ခင်မို့မို့တဦးတည်းကို ထပ်မံခွင့်ပြုခဲ့ပါတယ်။ ဒါကြောင့် သက်သေ ၂ ဦးဖြစ်တဲ့ ဦးဝင်းတင် နဲ့ ဦးတင်ဦးတို့ ကျန်ရှိနေပါတယ်။ ဒါကြောင့် အခုတကြိမ်မှာ ပြန်လည်ပြင်ဆင်ချက်ကို နောက်ဆုံးအဆင့်ဖြစ်တဲ့ တရားရုံးချုပ်ကို လျှောက်ထားတင်ပြတာ ဖြစ်ပါတယ်။
စစ်အစိုးရက သူမအပေါ်အခုလို တရားစွဲဆိုခဲ့တာဟာ နိုင်ငံရေးရည်မှန်းချက်ကြောင့် ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဇွန်လ ၁ဝရက် မနေ့က တွေ့ဆုံခဲ့တဲ့ ရှေ့နေ ဦးဥာဏ်ဝင်းက ပြောဆိုပါတယ်။
မနက်ဖြန် သောကြာနေ့မှာတော့၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့အမှုကို ကိုင်တွယ်စစ်ဆေးနေတဲ့၊ အင်းစိန်ထောင်တွင်းက ခရိုင်တရားရုံး ရုံးချိန်းရှိပြီး အမှုကိစ္စကို ဘယ်လို ဆက်လက် ဆောင်ရွက်မယ် ဆိုတာကိုပဲ ဆွေးနွေးမှာဖြစ်ကြောင်း သိရပါတယ်။
ဒီအတောအတွင်းမှာပဲ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကျိုးဆောင်ရှေ့နေတွေကို စစ်အစိုးရဘက်က ဖိအားပေးလာတာမျိုးတွေ ရှိလာပါတယ်။ အထူးသဖြင့် မိသားစုဝင်တွေရဲ့ အလုပ်အကိုင်တွေကို ပိတ်ပင်တာမျိုး ရှိလာတယ်လို့ သိရပါတယ်။ အကျိုးဆောင်ရှေ့နေ ဦးလှမျိုးမြင့်ရဲ့ ဇနီး ဗဟိုသမဝါယမအသင်း အကြီးတန်း မန်နေဂျာကို ဘာအကြောင်းပြချက်မှာ မရှိပဲ ပြီးခဲ့တဲ့ အင်္ဂါနေ့က ရာထူးက ထုတ်ပယ်ခဲ့တယ်လို့ ဦးဥာဏ်ဝင်းကပြောပါတယ်။
ဦးဉာဏ်ဝင်း။ ။ 'သူ့ကို အလုပ်ထုတ်တဲ့ နေရာမှာလည်း enquiry မရှိဘူး၊ ဒါပေမယ်လို့ အလုပ်မထုတ်ခင် ၁ဝရက်လောက်ကတည်းက ဦးလှမျိုးမြင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့အမှုကို လိုက်ပါ ဆောင်ရွက်နေတာနဲ့ ပတ်သက်ပြီးတော့ ဘာကြောင့်လဲ၊ ဘယ်လိုသိတာလဲ ဘာညာ အဲဒီလို မေးနေတာပေါ့လေ၊ မေးပြီးတော့ အခု အကြောင်းပြချက် မပေးပဲနဲ့ အလုပ်ထုတ်လိုက်တယ်။ ဒါဟာ ဦးလှမျိုးမြင့် ဒီအမှုကို လိုက်ပါတဲ့အတွက်ကြောင့်ဆိုတာ ကျွန်တော်တို့ ဒီအတိုင်းပဲ ယူဆတယ်။'
မြန်မာ့ဒီမိုကရေစီရေး ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က သူ့ကို ရာဇဝတ်မှုပုဒ်မတွေ တပ်ပြီး အမှုစွဲဆိုတာဟာ စစ်အစိုးရဘက်က နိုင်ငံရေးအရ ရည်ရွယ်ချက်နဲ့ ပြုလုပ်နေတာဖြစ်တယ်လို့ အကျိုးဆောင်ရှေ့နေတွေကတဆင့် ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ ဥပဒေရေးရာ ကျွမ်းကျင်သူတွေကလည်း နိုင်ငံရေးအရပေါ်ပေါက်လာတဲ့ ပြဿနာတွေဟာ နိုင်ငံရေးကြောင့်ဖြစ်ပြီး စစ်အစိုးရက စွပ်စွဲနေသလို ပြစ်မှုကျုးလွန်လို့ ဖြစ်လာတဲ့ ပြဿနာတွေ မဟုတ်ဘူးလို့ သုံးသပ်ကြပါတယ်။
ဒေါ်အောင်ဆန်းစုကြည်အမှုနဲ့ ပတ်သက်နေတဲ့ နိုင်ငံရေးပြဿနာတွေဟာ ဘာတွေပါလဲ။ ဥပဒေရေးရာ ကျွမ်းကျင်သူတွေနဲ့ RFA မှ မအင်ကြင်းနိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။

ဆက်သွယ်မေးမြန်းချက်။
0 ယောက်ရဲ့ထင်မြင်ချက်:
Post a Comment