ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေး တရုတ်နိုင်ငံကို အလည်သွားရောက်မည်
RFA
စစ်အစိုးရ ဒုတိယ ခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေး လာမဲ့ ဇွန်လ ၁၅ရက်ကနေ ၂ဝရက် တရုတ်ပြည်ကို တရားဝင် အလည်အပတ် လာရောက်ဖို့ ရှိတယ်လို့ တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီကနေ့ ဇွန်လ ၁၁ရက်နေ့မှာ ကြေညာလိုက်ပါတယ်။
မြန်မာ စစ်အစိုးရ၏ ထိပ်သီး ခေါင်းဆောင်များ ဖြစ်သော ဗိုလ်ချုပ်မှူးကြီး သန်းရွှေ (အလယ်)၊ ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေး (ယာ)နှင့် ဗိုလ်ချုပ်ကြီး သူရ ရွှေမန်း (ဝဲ)တို့ ဖြစ်ပါသည်။ (Photo: AFP)
ဒါပေမဲ့ ပြီးခဲ့တဲ့ ဇွန်လ ၆ရက်ကနေ ၉ရက်နေ့အတွင်းက ဗိုလ်ချုပ်ကြီး သူရရွှေမန်း တရုတ်ပြည်ကို သွားရောက်ခဲ့တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပေမဲ့ တရုတ် မြန်မာ နှစ်နိုင်ငံလုံးက ကြေညာခဲ့ခြင်းမရှိပါဘူး။
ခုလို ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေး တရုတ်ပြည်ကို တရားဝင်လာရောက်မဲ့ အကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာလိုက်ချိန်မှာ မြန်မာ့ပြည်တွင်းရေးကို တိုင်ပင်ဆွေးနွေးဖို့ သွားတာဖြစ်တယ်လို့ အတိုက်အခံတွေက ဝေဖန်နေကြပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး တိုင်းရင်းသား ခေါင်းဆောင်တဦးလည်းဖြစ်သူ ပြည်ပရောက် အမျိုးသား ဒီမိုကရေစီတပ်ပေါင်းစု (NDF) ရဲ့ နိုင်ငံခြားရေးရာ တာဝန်ခံ ဗိုလ်မှူးကြီး ခွန်ဥက္ကာက ခုလို ပြောပါတယ်။
ဗိုလ်မှူးကြီး ခွန်ဥက္ကာ။ ။ 'ဒါက ရိုးရိုးပါပဲ၊ကျွန်တော့အမြင်တော့ ဒီ ရေးကြီးသုတ်ပျာနဲ့ ဒီနှစ်ယောက် ဆက်တိုက်သွားတယ် ဆိုကတည်းကိုက သူတို့မှာ အကျပ်အတည်းတွေ့နေတယ် ဆိုတာ ပထမဆုံး ပေါ်လွင်တာပေါ့။ က္ဆွန်တော် မြင်တာကတော့ အကျပ်အတည်းက လေးဖက်လေးတန်လောက် ရှိတယ်လို့ က္ဆွန်တော် မြင်တယ်။'
မြန်မာနိုင်ငံအတွက် ဒေါ်အောင်ဆန်းစုကြည်အပေါ် စွဲချက်တင်တဲ့အမှုနဲ့ ပတ်သက်ပြီး ပြည်တွင်းပြည်ပ ဖိအားတွေ ခံနေရသလို အပစ်ရပ် တိုင်းတိုင်းရင်းသားတွေနဲ့ ပတ်သက်တဲ့ တပ်များ အသွင်ပြောင်းရေးကိစ္စမှာလည်း အကျပ်အတည်းတွေ တွေ့နေရတာ ဖြစ်တယ်လို့ ဆိုပါတယ်။ အလားတူ အပစ်ရပ် တိုင်းရင်းသား သတင်းရပ်ကွက်တွေ အဆိုအရ အဖွဲ့တော်တော်များများဟာ မဟာမိတ်ပုံစံ ညှိနှိုင်းထား ပြီး တရုတ် မြန်မာနယ်စပ်အခြေစိုက် အပစ်ရပ်အဖွဲ့တွေဟာ စစ်အစိုးရအဆိုပြုထားတဲ့ တပ်များ အသွင်ပြောင်းရေး ကိစ္စနဲ့ ပတ်သက်ပြီး တရုတ်အရာရှိများနဲ့ ဆွေးနွေးမှုတွေ ရှိထားပြီးဖြစ်တယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။
ဒီအချက်တွေကြောင့် ဒုတိယ ဗိုလ်ချုပ်မှူးကြီးမောင်အေး တရုတ်ပြည်ကို သွားရောက်တာ ဖြစ်နိုင်တယ်လို့ ဝေဖန်နေကြတာပါ။
ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေးရဲ့ တရုတ်ပြည်ခရီးစဉ်နဲ့ ပတ်သက်ပြီး သုံးသပ်သူတွေရဲ့ အမြင်ကို RFA မှ ဦးတင်အောင်ခိုင်က စုစည်းတင်ပြထားပါတယ်။

နားဆင်ရန်....
0 ယောက်ရဲ့ထင်မြင်ချက်:
Post a Comment