6/12/2009

သွေးစွန်းသောနေ့ရက်များကို မမေ့ကြပါနဲ့ ဗီစီဒီခွေ ဖြန့်ဝေ


RFA

မြန်မာနိုင်ငံသမိုင်းမှာ သွေးစွန်းခဲ့ရတဲ့နေ့ရက်တွေ၊ သွေးစွန်းခဲ့ရတဲ့သမိုင်းတွေကို ပြည်သူတွေ မမေ့ပျောက်အောင်ဆိုပြီး စစ်အာဏာရှင် တိုက်ဖျက်ရေးတပ်ဦးဆိုတဲ့ လူငယ်အဖွဲ့တဖွဲ့ကနေ ဒီကနေ့ ဇွန်လ ၁၁ရက် မနက်ပိုင်းမှာ ဗဟန်း၊ တာမွေ၊ ပုဇွန်တောင်၊ တောင်ဒဂုံ၊ မြောက်ဒဂုံ၊ မြောက်ဥက္ကလာ နဲ့ မရမ်းကုန်းစတဲ့ မြို့နယ်တွေမှာ သွေးစွန်းသောနေ့ရက်များကို မမေ့ကြပါနဲ့ ဗီစီဒီခွေတွေကို ဖြန့်ဝေခဲ့ပါတယ်။



ရွှေဝါရောင် သံဃာနှင့် လူထုလှုပ်ရှားမှုကို စစ်အစိုးရက အကြမ်းဖက်နှိမ်နင်း ဖြိုခွဲစဉ် ၂ဝဝ၇ခုနှစ် စက်တင်ဘာ ၂၇ရက်နေ့က ရန်ကုန်မြို့ရှိ ဘုန်းကြီးကျောင်းတခုကို စီးနင်းတိုက်ခိုက်ပြီး သံဃာများကို ဖမ်းဆီးရာမှ ဒဏ်ရာရ သံဃာများ၏ သွေးကွက်များကို ရပ်ကွက် ပြည်သူများက အုတ်ခဲဖြင့် ဝိုင်းရံ မှတ်သားထားပုံ ဖြစ်ပါသည်။ (Photo: AFP)


ကိုစစ်နိုင်။ ။ 'ကျနော်တို့ ဒီသွေးစွန်းသော နေ့ရက်များဆိုတဲ့ အခွေတွေ ဝေပါတယ်၊ လူတွေ လက်ထဲအထိလည်း လိုက်ပို့ပေးတယ်၊ ကျနော်တို့ ကားပေါ်တွေမှာ ပေးတယ်၊ နောက် နေအိမ်တွေကို နေအိမ် ပတ်ဝန်းကျင်တွေကို သူ့နီးစပ်ရာ နီးစပ်ရာလူတွေကတဆင့် ပို့တယ်၊ အယ် တချို့ ဘုန်းကြီးကျောင်းတွေကို ကိုယ်တိုင်ပဲ ဝင်လျှောက်ပြီးတော့ ပေးတယ်ပေါ့နော်၊ သူတို့ကလည်း လိုလိုလားလား ယူကြတယ်၊ တချို့ဆိုရင် ထပ်ပြီးတော့ မှာကြတယ်ပေါ့နော်၊ သံဃာတွေဆို ကျောင်းတွေအထိ လိုက်ပို့ပေးတယ်၊ အခုပြန်ပြီးတော့ သူတို့ဆီက တုံ့ပြန်ချက်တွေက ဒီနေ့ဆိုရင် မရမ်းကုန်းမြို့နယ်ကနေပြီးတော့ အခွေ တရာ ထပ်မှာလာတာမျိုး ကျန်တဲ့မြို့နယ်တွေကလည်း အဲဒီလိုမျိုးတွေ အခွေ လှမ်းမှာလာတာမျိုးတွေ ရှိပါတယ်ခင်ဗျ၊ လောလောဆယ်တော့ အခွေ ကျနော်တို့ အားလုံးပေါင်း လေးရာကျော် ပြီပေါ၊့ ထပ်ပြီးတော့လည်း ထုတ်ဖို့ အစီအစဉ် ရှိတယ်ခင်ဗျ။'

အဲဒီ VCD အခွေတွေထဲမှာတော့ ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွကျဆုံးသွားခဲ့တဲ့ အာဇာနည် ခေါင်းဆောင်ကြီးတွေရဲ့ ပုံတွေ၊ ၆၂ခုနှစ် ကျောင်းသားသမဂ္ဂ ဖြိုခွဲခံခဲ့ရပုံတွေ၊ ကျောင်းသားခေါင်းဆောင်တွေရဲ့ ဓာတ်ပုံတွေအပြင် ရွှေဝါရောင်တော်လှန်ရေး လှုပ်ရှားမှု ဓာတ်ပုံမှတ်တမ်းတွေနဲ့ ၈လေးလုံးမှာ ဖြစ်ပျက်ခဲ့တဲ့ လှုပ်ရှားမှု ရုပ်ရှင်မှတ်တမ်းတွေကို နောက်ခံ သီချင်း ၆ ပုဒ်နဲ့အတူ ၄၈ မိနစ်စာ ထည့်သွင်းဖော်ပြထားတယ်လို့လည်း သိရပါတယ်။

ဒီလိုလုပ်ရတဲ့ အကြောင်းကလည်း စစ်အာဏာရှင်အောက်က လွတ်မြောက်ဖို့အတွက် ရဟန်းရှင်လူပြည်သူတွေ ပူးပေါင်းပါဝင်လာအောင် တပ်လှန့်နိုးဆော်လိုက်တာ ဖြစ်တယ်လို့ ကိုစစ်နိုင်က အခုလို ပြောပါတယ်။




ကိုစစ်နိုင်။ ။ 'ဒီ ရဟန်းရှင်လူ ကျောင်းသားပြည်သူတွေအားလုံးဟာ ဒီ စစ်အာဏာရှင်တစုရဲ့ ဆိုးကျိုးရဲ့ လက်အောက်မှာ စစ်ကျွန်ဘဝ ရောက်နေရတာတွေ တော်လှန် တိုက်ဖျက်နိုင်ဖို့အတွက် ကျနော်တို့ တပ်လှန့်တဲ့ သဘောပါ၊ ကျနော်တို့တွေ ဒီထက် ဒီထက် လုပ်ငန်းတွေ အလုပ်တွေ အများကြီး လုပ်သွားမယ်၊ လုပ်လာဖို့ အတွက် စတင်ပြီးတော့ အရှိန်ယူလိုက်တဲ့သဘောပါ၊ ပြည်သူကြားထဲကို စစ်အာဏာရှင် တိုက်ဖျက်ရေး တပ်ဦး ဖွဲ့ပြီးတော့ သူတို့တွေ ဒီအလုပ်တွေ လုပ်နေပြီး နောက်ထပ် နောက်ထပ်လည်း အလုပ်တွေ မြောက်မြားစွာ လုပ်လာမယ်ဆိုတာကို သိစေချင်တဲ့ သဘောပါ။'

စစ်အာဏာရှင်တိုက်ဖျက်ရေး တပ်ဦးအဖွဲ့က ကိုစစ်နိုင်ပြောသွားတာပါ။ ရန်ကုန်တိုင်း ကော့မှူးမြို့နယ် အတွင်းမှာလည်း မနေ့မနက်ပိုင်းက ဒေါ်အောင်ဆန်းစုကြည်ဓာတ်ပုံပါတဲ့ စာရွက်တွေကို လူစည်ကားတဲ့ နတ်စင်ကုန်းဈေး၊ ကော့မှူးဈေးနဲ့ ကားဂိတ်စတဲ့ နေရာ တော်တော်များများမှာ ဖြန့်ဝေသွားတယ်လို့ သိရပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး ကော့မှူးမြို့ခံ အမျိုးသမီးတဦးက ခုလိုရှင်းပြပါတယ်။

အမျိုးသမီး။ ။ 'ကော့မှူးမြို့မှာက လေးဆယ်လောက် ရှိတယ်၊ နတ်စင်ကုန်း မှာက လေးငါးခြောက်ဆယ်လောက်ရှိ တယ်၊ ပုံတော်တော်များများလေး ကြဲသွားတယ်၊ အကျဉ်းချထားတဲ့ပုံစံပေါ့နော် အချုပ်ခန်းထဲကနေပြီးတော့ ရှေ့မှာက သံတိုင်တွေနဲ့ အန်တီက အထဲထဲကနေပြီးတော့ အချုပ်ခန်းထဲကနေ လှမ်းကြည့်နေတဲ့ပုံစံပေါ့နော်၊ အဲ့ပုံစံနဲ့ အောက်က စာရေးထားတယ်၊ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးဟာ တတိုင်းပြည်လုံး လွတ်မြောက်ရေးဖြစ်တယ်လို့ အဲ့စာတမ်းလည်းပါတယ်၊ ဖြန့်တဲ့လူကိုတော့ မသိရဘူး။'

ဒီလိုပုံတွေ ဖြန့်ဝေကျဲချသွားတာနဲ့ ပတ်သက်ပြီး ဒေသခံ အာဏာပိုင်တွေက အမျိုးသားဒီမို ကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင်တွေကို စုံစမ်းမေးမြန်းမှုတွေ လုပ်ခဲ့တယ်လို့လည်း သိရပါတယ်။

အလားတူ ကွမ်းခြံကုန်းမြို့နယ်အတွင်းက စာသင်ကျောင်းတွေ ဘုန်းကြီးကျောင်းတွေနဲ့ လှေဆိပ်တွေမှာလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဓာတ်ပုံတွေကို ဖြန့်ဝေသွားခဲ့တယ်လို့ သိရပါတယ်။




0 ယောက်ရဲ့ထင်မြင်ချက်: