6/16/2009

အုသူထ ဒုက္ခသည်စခန်းမှ ကရင်ဒုက္ခသည်များ၏ အခြေအနေ


RFA
မြန်မာစစ်တပ်နဲ့ ဒီကေဘီအေ ကရင်ဗုဒ္ဓဘာသာအဖွဲ့ ပူးပေါင်းပြီး ကေအင်ယူ တပ်ဖွဲ့တွေအပေါ် ဇွန်လဆန်းပိုင်းကစတင်ပြီး ထိုးစစ်ဆင်နေတာကြောင့် ထိုင်းမြန်မာနယ်စပ်ကို ထွက်ပြေးလာတဲ့ ကရင်ရွာသူရွာသား ဒုက္ခသည်တွေအတွက် အရေးပေါ်အကူအညီတွေ လိုအပ်နေတယ်လို့ သိရပါတယ်။

နအဖစစ်တပ်၏ လိုက်လံ တိုက်ခိုက်မှုကြောင့် အိုးအိမ်ကို စွန့်၍ ထွက်ပြေးနေကြရသော ကရင်ဒုက္ခသည်များ။

နယ်စပ်ကိုထွက်ပြေးလာတဲ့ ဒုက္ခသည်ဦးရေဟာ တနေ့ထက်တနေ့ များပြားလာပြီး နေထိုင်ဖို့ အမိုးအကာတွေနဲ့ အစားအစာတွေ ထောက်ပံဖို့ လိုအပ်နေကြောင်း အုသူထ ဒုက္ခသည်စခန်းရဲ့ အကြီးအကဲဖြစ်သူ စောကြည်ဝင်းက အာအက်ဖ်အေကို ပြောပြပါတယ်။

ဒုက္ခသည်တွေအတွက် စားစရာ ဆန်နဲ့ ထမင်းချက်ဖို့ ထင်း၊ အိုးခွက် ပန်းကန် စတာတွေ အလုံအလောက် မရှိတဲ့အပြင် ဒုက္ခသည်အများစုဟာ ငှက်ဖျားရောဂါတွေ အဖြစ်များနေပြီး ဆေးဝါးလည်း အလုံအလောက်မရှိ ဖြစ်နေတယ်လို့ ဆိုပါတယ်။


ဒုက္ခသည်တွေဟာ အဝတ်တထည် ကိုယ်တခုနဲ့ ထွက်ပြေးလာတာကြောင့် အဝတ်အစားနဲ့ တကိုယ်ရည် အသုံးအဆောင်ပစ္စည်းတွေ လိုအပ်နေပါတယ်။ ထိုးစစ်ဆင်တဲ့အခါမှာ မြေမြုပ်ဗုံးတွေနဲ့ ပေါ်တာဆွဲခံရမှာ ကြောက်တာကြောင့် ရွာလုံးကျွတ် ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေကို ထိုင်းမြန်မာနယ်စပ်တလျောက် ဒုက္ခသည်စခန်း လေးခု ဖွင့်ပြီး ကူညီနေပါတယ်။

အဲဒီစခန်းတွေထဲက အုသူထစခန်းမှာ ဒုက္ခသည်စုစုပေါင်း တထောင်ကျော်ရှိပြီး အသက် ၁၂ နှစ် အောက် ကလေးဦးရေ ၆ဝဝ နီးပါး ရှိနေပါတယ်။

ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ်က ဒုက္ခသည်ရွာသားတွေရဲ့ အခြေအနေကို ကိုယ်တိုင် သွားရောက်စုံစမ်းခဲ့တဲ့ အာအက်ဖ်အေဝိုင်းတော်သူ မအင်ကြင်းနိုင်က အကြောင်းစုံကို တင်ပြထားပါတယ်။


စုစည်းတင်ပြချက်။ အသံဖိုင်နားဆင်ရန်



0 ယောက်ရဲ့ထင်မြင်ချက်: