6/16/2009

ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေး ရှမ်းပြည်နယ်နဲ့မန္တလေးမှာ ဓာတ်ပုံနဲ့ စာရွက်စာတမ်းဝေငှ



RFA
ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေး ဓာတ်ပုံဖြန့်ဝေတဲ့ လှုပ်ရှားမှုတွေကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်တွေက နိုင်ငံတဝှမ်းမှာ ကျယ်ကျယ်ပြန်ပြန့် လုပ်ဆောင်လာတာနဲ့အမျှ တခြား အဖွဲ့အစည်းတွေဖြစ်တဲ့ ပြည်ထောင်စု လူ့အခွင့်အရေးကောင်စီနဲ့ မြန်မာပြည်လွတ်မြောက်ရေးအဖွဲ့ချုပ်တို့ ပူးပေါင်းပြီး ရှမ်းပြည်နယ်က တောင်ကြီး၊ လားရှိုး၊ နောင်ချို ၊ဟဲဟိုး၊ ရွှေညောင်၊ ကလော၊ ကွတ်ခိုင်နဲ့ အောင်ပန်းမြို့တွေမှာ ဓာတ်ပုံတွေနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုဖြစ်စဉ်ဟာ မတရားမှုဖြစ်တယ်ဆိုတဲ့ စာရွက်တွေ ဖြန့်ဝေခဲ့ကြတယ်လို့ သိရပါတယ်။


ဖခင် ဗိုလ်ချုပ်အောင်ဆန်းဓာတ်ပုံနှင့် ဒေါ်အောင်ဆန်းစုကြည်။

ပြည်ထောင်စု လူ့အခွင့်အရေးကောင်စီရဲ့ ဒု-ဥက္ကဋ္ဌ ကိုစိုင်းမျိုးဝင်းက သူတို့လုပ်ရတဲ့ရည်ရွယ်ချက်နဲ့ ဖြန့်ဝေခဲ့ပုံတွေကို အာအက်ဖ်အေကို ပြောပြပါတယ်။

ကိုစိုင်းမျိုးဝင်း။ ။'မိတ္တီလာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က စပြီး လုပ်လိုက်တာကို ထောက်ခံတဲ့သဘောရယ်၊ ဒေါ်အောင်ဆန်းစုကြည်ကိစ္စက ကျနော်တို့ အနေနဲ့ရော ပြည်တွင်းပြည်ပက အဖွဲ့တွေအနေနဲ့ လုပ်သင့်လုပ်ထိုက်တယ်လို့ ယူဆတဲ့အတွက် ကျနော်တို့က လုပ်လိုက်တာပေါ့နော်။ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ပန်းချီကားကို ဒေါ်အောင်ဆန်းစုကြည်က နောက်ခံထား ရိုက်ထားတဲ့ပုံ တော်တော်များများကို ကျနော်တို့ဝေကြတယ်။ ဒေါ်အောင်ဆန်းစုကြည်မှာ လုံးဝ အပြစ်မရှိပါဘူး ဆိုတာကို ကျနော်တို့ ပြောပြတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုဖြစ်စဉ် အကျဉ်းချုပ်လေးတွေကို ကျနော်တို့ ပေးတယ်။ တောင်ကြီးမှာဆို ဈေးတို့ တောင်ကြီးကားဂိတ်တို့ကို ကျနော်တို့ သွားဝေတယ်၊ နည်းနည်းရှင်းပြတယ်'


သူတို့အဖွဲ့က ဓာတ်ပုံတွေ လိုက်ဝေပြီး ဒေါ်အောင်ဆန်းစုကြည် အကြောင်းတွေ ရှင်းပြတဲ့အခါမှာ စစ်ဖက်ဆိုင်ရာ လုံခြုံရေးအဖွဲ့တွေက လိုက်လံမှတ်တမ်းတင်တာတွေ၊ တချို့ပြည်သူတွေက ဒေါ်အောင်ဆန်းစုကြည် အမှုကိစ္စကို ဂဃနဏ မသိတာတွေ တွေ့ရတယ်လို့ ပြောပါတယ်။

ကိုစိုင်းမျိုးဝင်း။ ။'ဓာတ်ပုံကဲမ်းပိန်းဆိုတော့ သူတို့အနေနဲ့ ဆူပူမှုလည်း မဟုတ်တဲ့အတွက် စောင့်ကြည့်တယ်၊ မှတ်တမ်းဓာတ်ပုံ ရိုက်ကြတယ်၊ အဲဒီလိုတော့ လုပ်တယ်။ အဓိကက ဒေါ်အောင်ဆန်းစုကြည်ကိစ္စကို စစ်အစိုးရက သတင်းအမှောင်ချထားတာ ကျနော်တို့ ရှမ်းပြည်က လူတော်တော်များများက သိပ်မသိကြဘူးဗျ။ အမေရိကန်နိုင်ငံသား ဝင်တဲ့ကိစ္စရော ဒေါ်အောင်ဆန်းစုကြည် ကိစ္စကိုရော သတင်းစာမှာ ဖော်ပြတယ်ဆိုတာလည်း သူတို့ ဖော်ပြချင်တာပဲ ဖော်ပြတာ။ အဖြစ်မှန်ကို မဖောာ်ပြဘူး ဖြစ်နေတော့ ကျနော်တို့က ပါးစပ်နဲ့ ပြောပြတယ်ပေါ့နော်။ ဒါပေမယ့် အဓိကက ကျနော်တို့က တနလာင်္နေ့မှာ အရှိန်ကိုမြှင့်ပြီးတော့ စာရွက်တွေဖြန့်မယ်။ လူမြင်ကွင်းတွေမှာ ကပ်မယ်။ နောက် ဒီစာရွက်တွေကို ဖြန့်ကြမယ်'

မန္တလေးတက္ကသိုလ်ရှေ့နဲ့ ရတနာပုံတက္ကသိုလ်အတွင်းက စာသင်ခုံတွေပေါ်မှာ ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံတွေနဲ့ ဒေါ်အောင်ဆန်းစုကြည်အကြောင်း ရေးထားတဲ့ ကမ္ဘာကြေသော်လည်း ဥဒါန်းမကြေ အမည်ပေးထားတဲ့ စာအုပ်ငယ်တွေကို အထက်မြန်မာပြည် ကျောင်းသားများသမဂ္ဂက ဖြန့်ဝေခဲ့တယ်လို့ သမဂ္ဂခေါင်းဆောင်တဦးက အာအက်ဖ်အေကို ပြောပြပါတယ်။ ဓာတ်ပုံဝေတာကို အာဏာပိုင်တွေက မတားဆီးပေမယ့် ဒေါ်အောင်ဆန်းစုကြည်အကြောင်း ရေးတဲ့ စာအုပ်တွေကိုတော့ လိုက်လံသိမ်းဆည်းတယ်လို့ သိရပါတယ်။

အထက်မြန်မာပြည် ကျောင်းသားများသမဂ္ဂ အနေနဲ့ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်သည်အထိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ နောက်ကနေ ထောက်ခံသွားမှာဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို မတရားအမှုဆင် ဖမ်းဆီးထားတာကို ပြည်သူတရပ်လုံးက သိရှိပြီး ပူးပေါင်းပါဝင်လာသည်အထိ ဆောင်ရွက်သွားမယ်လို့လည်း သိရပါတယ်။




0 ယောက်ရဲ့ထင်မြင်ချက်: