6/16/2009

သီရိလင်္ကာသမတနှင့်အဖွဲ့ မြန်မာနိုင်ငံရောက်ရှိ


RFA
သီရိလင်္ကာနိုင်ငံသမတ မဟင်ဒါ ရာဂျာပက်ခ်စာနဲ့ သမတကတော် ရှီရန် ရာဂျာပက်ခ်စာတို့ဟာ မြန်မာစစ်အစိုးရ ရုံးစိုက်ရာ နေပြည်တော်ကို မနေ့က ဇွန်လ ၁၄ရက် မနက်မှာ ရောက်ရှိလာပါတယ်။ နှစ်ရက်ကြာ တရားဝင်ခရီးအဖြစ် နေပြည်တော်လေဆိပ်ကို ရောက်ရှိလာတဲ့ သီရိလင်္ကာသမတနဲ့ သမတကတော်ကို မြန်မာစစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ ဇနီးဒေါ်ကြိုင်ကြိုင်တို့က ကြိုဆိုနေတဲ့ သတင်းနဲ့ သတင်းဓာတ်ပုံတွေကို သီရိလင်္ကာနိုင်ငံ Daily Mirror online သတင်းမှာ ဖော်ပြထားပါတယ်။

မြန်မာ-သီရိလင်္ကာ သံတမန်ဆက်ဆံရေး အနှစ် ၆ဝပြည့် အထိမ်းအမှတ်အနေနဲ့ မြန်မာနိုင်ငံကို သီရိလင်္ကာသမတ ရောက်ရှိလာတာပါ။ သီရိလင်္ကာနိုင်ငံ အခြေစိုက် မြန်မာကျောင်းသား ရဟန်းတော်များအဖွဲ့က အရှင်ဥက္ကဋ္ဌက အခုလို ရှုမြင်ပါတယ်။

အရှင်ဥက္ကဋ္ဌ။ ။ 'သူတို့ အကြောင်းပြ ထားတာကတော့ နှစ် ၆ဝ သံတမန် ဆက်ဆံရေးအတွက်လို့ ပြောတာပေါ့လေ၊ ဒါပေမဲ့လည်း ဦးဇင်းထင်ပါတယ်၊ ဒီ ဗမာပြည်မှာ ကျန်တဲ့ ဒီ ဆန်တို့ပဲဖြစ်ဖြစ်၊ ပဲတို့ပဲ ဖြစ်ဖြစ်၊ အဲဒီဖက်ကလည်း သူတို့ ဒီဖက်ကို တင်သွင်းချင်တာလည်း ရှိကောင်း ရှိလိမ့်မယ်ပေါ့လေ။ နောက် ကြားတာပေါ့၊ ဒီ LTTE ကို တိုက်တဲ့နေရာမှာ ဗမာပြည်က အကြံပေးတဲ့သဘောမျိုး နည်းဗျူဟာ သဘောမျိုးတွေ ရခဲ့တယ်လို့လည်း ကြားတယ်ပေါ့လေ။ အဲဒီတော့ ဗမာပြည်က အကြီးပိုင်းထဲက စစ်သားတွေက ဒီကို လာလာပြီးတော့မှ အကြံဉာဏ်ပေးတာတွေဆိုတာလည်း ကြားတော့ ကြားခဲ့တယ်။ အဲဒီဟာအတွက်များ ဟို ကျေးဇူးတင်စကား သွားပြောသလားပေါ့လေ။'

Daily Mirror online သတင်းမှာလည်း တမီးလ်လွတ်မြောက်ရေး ကျားသူပုန် (LTTE) တွေရဲ့ ဥပဒေမဲ့ လုပ်ရပ်တွေကို နှိမ်နင်းရာမှာနဲ့ ဒေသတွင်း မူးယစ်ဆေးဝါး နှိမ်နင်းရေး လုပ်ငန်းတွေမှာ မြန်မာစစ်အစိုးရက ပူးပေါင်းဆောင်ရွက်တဲ့အတွက် ကျေးဇူးတင်ရှိပါကြောင်း မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို မစ္စတာ မဟင်ဒါရာဂျာပက်ခ်စာက ပြောကြားတယ်လို့ ဖော်ပြပါတယ်။

ဒါ့အပြင် ပြည်တွင်းစစ်ကြောင့် သီရိလင်္ကာနိုင်ငံ တောင်ပိုင်းက ပြည်တွင်းအိုးအိမ်နေရပ် ရွှေ့ပြောင်းရသူတွေ မြန်မာနိုင်ငံက အမေရိကန်ဒေါ်လာ ငါးသောင်း အကူအညီ ပေးတာကိုလည်း ကျေးဇူးတင်ကြောင်း ပြောကြားပါတယ်။

သီရိလင်္ကာသမတနဲ့ အဖွဲ့ဟာ မြန်မာစစ်အစိုးရ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်နဲ့ စစ်အစိုးရဝန်ကြီးတွေ၊ အဆင့်မြင့် တာဝန်ရှိသူတွေနဲ့လည်း မြန်မာဝန်ကြီးချုပ်ရုံးမှာ မွန်းလွဲပိုင်းက တွေ့ဆုံပါတယ်။

ဒီလိုတွေ့ဆုံရာမှာ နိုင်ငံတကာရေးရာအတွက် နောင်အနာဂတ်မှာ နှစ်နိုင်ငံ အပြန်အလှန် နားလည်မှုနဲ့ ပူးပေါင်းဆောင်ရွက်ကြဖို့ သဘောတူညီကြပါတယ်။

အကြမ်းဖက်မှု တိုက်ဖျက်ရေးနဲ့ ထောက်လှမ်းရေး သတင်းအချက်အလက် ဖလှယ်ရေး ပူးပေါင်းဆောင်ရွက်ဖို့ မြန်မာနဲ့ သီရိလင်္ကာတို့ ၂ဝဝ၇ခုမှာ လက်မှတ်ရေးထိုးခဲ့တဲ့ ထောက်လှမ်းရေး အချက်အလက် ဖလှယ်မှု ပူးပေါင်းဆောင်ရွက်ရေး နားလည်မှု စာချွန်လွှာကို ဆက်လက် ဆောင်ရွက်တဲ့အနေနဲ့ သီရိလင်္ကာနိုင်ငံ Kothalawala စစ်တက္ကသိုလ်မှာ လေ့ကျင့်နေတဲ့ မြန်မာစစ်ဖက် တာဝန်ရှိသူ နှစ်ဦးကို အစားထိုးဖို့လည်း သီရိလင်္ကာသမတက သဘောတူပါတယ်။ သီရိလင်္ကာသမတနဲ့ အတူ နိုင်ငံခြားရေးဝန်ကြီး၊ သယ်ယူပို့ဆောင်ရေး ဝန်ကြီး၊ အလုပ်သမား ဝန်ကြီး၊ အမျိုးသားလွတ်မြောက်ရေး တပ်ဦးအဖွဲ့ ခေါင်းဆောင်၊ ကာကွယ်ရေး ဦးစီးချုပ်တို့ အပြင် သမတရဲ့ သား သုံးဦးတို့လည်း အဖွဲ့ဝင်အဖြစ် လိုက်ပါလာကြပါတယ်။

သီရိလင်္ကာသမတရဲ့ မြန်မာနိုင်ငံ ခရီးစဉ်အပေါ် RFA မှ ဒေါ်စန်းစန်းတင်က သုံးသပ် တင်ပြထားပါတယ်။


သီရိလင်္ကာသမတ၏ မြန်မာနိုင်ငံခရီး။ အသံဖိုင်နားဆင်ရန်



0 ယောက်ရဲ့ထင်မြင်ချက်: