6/24/2009

ကချင်အဖွဲ့ ထိန်းချုပ်ရာဒေသမှာ စစ်အစိုးရတပ်များ စစ်ရေးလှုပ်ရှားနေ


RFA

မြန်မာစစ်အစိုးရတပ်တွေက အခုတလော ကချင်ပြည်နယ် ဗန်းမော်၊ မိုးမောက်၊ မံစီ ဒေသအတွင်းမှာရှိတဲ့ သစ်တောတွေအတွင်း စစ်ကြောင်းတွေ ဝင်သွားတာ တွေ့တယ်လို့ ဒေသခံတွေထံက စုံစမ်း သိရှိရပါတယ်။



တောနယ်ဒေသတခုတွင် တိုက်ကင်းလှည့်နေသော စစ်အစိုးရ တပ်ဖွဲ့တခု ဖြစ်ပါသည်။ (Photo: AFP)

အင်အားက တော်တော်များတာကြောင့် စစ်ရေးလှုပ်ရှားမှု တခုခု လုပ်မဲ့ပုံစံမျိုးလို့ ထင်တဲ့အကြောင်း ဒေသခံတဦးက RFAကို ပြောပါတယ်။

ဒေသခံ။ ။ 'နအဖ စစ်အစိုးရက အခု တောတအားဝင်နေတယ်။ အခု ဒီဘက် ဗန်းမော်ခရိုင်၊ မံစီ ဘက်တွေက တောတွေမှာ ဂိုက်ထိပ် ဘက်တလှေျ့ာက်မှာ တောထဲဝင်တာတော့ ၂ပတ်လောက်ရှိပြီ အင်အားကတော့ သုံးလေးရာ၊ အဲလိုပဲ မြင်လိုက်တာ စစ်ဆင်ရေးပုံစံမျိုးလိုပဲ၊ အရင်တုံးက သစ်ဖမ်းတာက အဲလိုမဟုတ်ဘူးလေ။ အခုဟာက တကယ့် တိုက်ပွဲဝင်မဲ့ အနေအထား ရှိနေတယ်။'


ဒါ့အပြင် ရှမ်ပြည်မြောက်ပိုင်း ဒေသဘက်မှာ ရှိတဲ့ ရွှေလီမြစ်ပတ်ဝန်းကျင်မှာလဲ ဝိုင်းမော်အခြေစိုက် ခလရ ၅၈ နဲ့ မိုးမောက်အခြေစိုက် ခလရ ၄၃၇ တပ်ရင်းတွေ လှုပ်ရှားနေကြတယ်လို့ သိရပါတယ်။ ရွှေလီမြစ်ရဲ့ မြောက်ဘက်မှာတော့ ကချင်လွတ်လပ်ရေးတပ်မတော် ကေအိုင်အေ တပ်ရင်း (၂)ရင်း အခြေစိုက်ထားပြီးတော့ ရွှေလီမြစ်ရဲ့ အနောက်တောင်ဘက်မှာ ကေအိုင်အို တပ်မဟာ (၄) နဲ့ သူ့ရဲ့လက်အောက်ခံ တပ်ရင်း (၃) ရင်း လောက်ရှိတယ်လို့ ကေအိုင်အိုနဲ့ နီးစပ်သူတွေက ပြောပါတယ်၊

စစ်ကြောင်းတွေ ဖြတ်သွားနေတဲ့တချိန်တည်းမှာပဲ စစ်အစိုးရတပ်တွေက ကချင်ပြည်နယ် မံစီမြို့နယ် မန်ဝိန်းကြီးကျေးရွာက ရွာသားတွေကို ဒီကနေ့ မနက်ပိုင်းမှာ ပေါ်တာဆွဲသွားတယ်လို့ သိရပါတယ်၊ ဒါနဲ့ ပတ်သက်လို့ ဒေသခံ ရွာသားတယောက်ကို ဆက်သွယ် မေးမြန်းကြည့်တဲ့အခါမှာ ခုလို ဖြေကြားခဲ့ပါတယ်။

ဒေသခံ။ ။ 'မလိုက်မနေရ အဲလိုဆွဲသွားတာ တရွာလုံးနီးပါးဟုတ်တယ်၊ မိန်းကလေးတွေတော့ ပါတာတော့ မတွေ့ဘူး။ ယောက်ျားလေးတွေပေါ့၊ လူငယ်ပိုင်းပေါ့နော်။ ၂ဝ ကျော် တောင့်တောင့်ထွားထွား လူငယ်တွေပေါ့။ အသက်ကြီးတဲ့ လူငယ်တွေရော ပါတယ်၊ မလိုက်မနေရ အဲလိုလုပ်တာ မန်ဝိန်းကြီးရွာ အဲဒီအထက်က နယ်တဝိုက်မှာ။'

လွန်ခဲ့တဲ့ ဧပြီလကုန်ပိုင်းက သူတို့နဲ့ အပစ်အခတ်ရပ်စဲရေး လုပ်ထားတဲ့ တိုင်းရင်းသားအဖွဲ့တွေကို နယ်ခြားစောင့်တပ်အသွင် ပြောင်းလဲဖွဲ့စည်းဖို့ စည်းရုံးနေတဲ့အချိန်မှာ စစ်အစိုးရဘက်က စစ်ရေးလှုပ်ရှားမှုတွေ မြင်တွေ့လာရတာပါ။ ဒါဟာ ကေအိုင်အိုနဲ့ စစ်အစိုးရတပ်တွေအကြား တိုက်ပွဲတွေ ပြန်ဖြစ်လာနိုင်တယ်လို့ မဆိုနိုင်ပေမဲ့ ဖိအားပေး ခြိမ်းခြောက်မှုတခု ဖြစ်နိုင်တယ်လို့ လေ့လာသူတွေက သုံးသပ် ပြောဆိုနေကြပါတယ်။




0 ယောက်ရဲ့ထင်မြင်ချက်: