6/24/2009

စစ်အစိုးရတပ်များနှင့် ဝတပ်ဖွဲ့များကြား သဘောထားတင်းမာနေ

စစ်အစိုးရတပ်များနှင့် ဝတပ်ဖွဲ့များကြား သဘောထားတင်းမာနေ
RFA

မြန်မာစစ်တပ်နဲ့ အပစ်အခတ် ရပ်စဲထားတဲ့ ဝပြည် သွေးစည်းညီညွတ်ရေး အဖွဲ့ (UWSA) ကြားမှာ သဘောထား တင်းမာမှုတွေ ရှိနေပြီး နှစ်ဖက်စလုံးက စစ်ရေးပြင်ဆင်မှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။


ရှမ်းပြည်နယ် မိုင်းယောင်း မြို့လယ်ခေါင်တွင် လက်နက် အပြည့်အစုံ ကိုင်ဆောင်ထားသည့် ညီညွတ်သော ဝပြည်တပ်မတော် (UWSA) တပ်ဖွဲ့ဝင်များကို ပစ်ကပ်ထရပ်ကား တစင်းပေါ်မှာ တွေ့ရသည့် ယခင် မှတ်တမ်း ဓာတ်ပုံတခု ဖြစ်ပါသည်။ (Photo: AFP)

၂ဝ၁ဝ ရွေးကောက်ပွဲ မတိုင်ခင် ငြိမ်းချမ်းရေး သဘောတူထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ နယ်ခြားစောင့်တပ်တွေအဖြစ် အသွင်ပြောင်းဖို့ ဒါမှမဟုတ် လုံးဝ လက်နက်ချဖို့ကိစ္စကို စစ်အစိုးရဘက်က ဒီနှစ်ဧပြီလကစပြီး ဖိအားပေးလာတဲ့အပေါ်မှာ အခုလို တင်းမာမှု အခြေအနေတွေ ဖြစ်လာရတာလို့ ရှမ်းသံတော်ဆင့် သတင်းဌာနက အယ်ဒီတာ ဦးစိန်ကြည်က ပြောပါတယ်။

ဦးစိန်ကြည်။ ။ 'နောက်ဆုံးအခြေအနေကတော့ နှစ်ဖက် အခြေအနေ တင်းမာပြီးတော့ နှစ်ဖက်စလုံးက စစ်ရေး ပြင်ဆင်မှုတွေ ဘာတွေ လုပ်တာ ရှမ်းပြည် အရှေ့တောင်ပိုင်း မုန်းဆာ မြို့နယ် အရှေ့တောင်ပိုင်းနဲ့ တာချီလိတ်မြို့နယ် အနောက်ဖက်ပေါ့။ အပစ်ရပ် UWSA တပ်ဖွဲ့ အမှတ် ၁၇၁ စစ်ဒေသ ထိန်းချုပ်ထားတဲ့ ဒီနယ်မြေပေါ့။ အထူးသဖြင့် ဒီ ထိုင်းနယ်စပ်တလျှောက် တောင်ပိုင်း ဝတပ်ဖွဲ့တွေနဲ့ ဒေသခံ နအဖ တပ်ဖွဲ့တွေ ကြားမှာ တင်းမာမှုတွေ ရှိနေတယ်။ နှစ်ဖက်စလုံး ပြင်ဆင်မှုတွေ လုပ်နေတယ်။ သတိ အသင့်အနေအထားမှာ တပ်လှန့်မှုတွေ ဘာတွေ လုပ်ထားတယ်။'




ဒါအပြင် လက်ရှိ ကရင်ပြည်နယ်မှာ စစ်အစိုးရနဲ့ ဒီကေဘီအေ အဖွဲ့တို့ ပူးပေါင်းပြီး ကေအင်ယူအပေါ် ထိုးစစ်ဆင်နေတဲ့ ပုံစံမျိုး ရှမ်းပြည်က လူမျိုးစု လက်နက်ကိုင်အဖွဲ့တွေကို ဖိအားပေးလာရင် ဝပြည် သွေးစည်း ညီညွတ်ရေးအဖွဲ့အနေနဲ့ လက်ခံမဲ့ အနေအထားမျိုး မတွေ့ရဘူးလို့ ဦးစိန်ကြည်က ပြောပါတယ်။

ဦးစိန်ကြည်။ ။ 'ကရင် ကရင်ချင်း တိုက်ခိုင်းတဲ့ ပုံစံမျိုးပေါ့၊ ရှမ်းကို ရှမ်းချင်း တိုက်ခိုင်းမယ်၊ အဲဒီပုံစံမျိုး မဖြစ်နိုင်ဘူးဆိုတာက အပစ်ရပ် ဝအဖွဲ့တွေ ကိုယ်တိုင်က ဒီ ၂ဝဝ၂ ခုနှစ်တုန်းကဖြစ်ဖြစ်၊ ၂ဝဝ၅ တုန်းကဖြစ်ဖြစ်၊ နအဖရဲ့ ဖိအားပေးမှုကြောင့် SSA တောင်ပိုင်းကို လာတိုက်တာ ရှိတယ်လေ။ ဒီ ဝေရှောက်ကန်း တပ်မှူး လုပ်ထားတဲ့ ၁၇၁ စစ်ဒေသပေါ့၊ ထိုင်းနယ်စပ်တလျှောက်။ အခု နောက်ပိုင်း အရင်တနှစ်က ၂ဝဝ၈ နှစ်ဦးပိုင်းမှာကတည်းက သူတို့ ပြောသံ ဆိုသံတွေ ကြားရတာကတော့ အဲဒီ လွန်ခဲ့တဲ့ ဖြစ်ရပ်တွေက ယူကျုံးမရတဲ့ သင်ခန်းစာတွေပဲပေါ့။ နောက်နောင် ကျွန်တော်တို့ အဲလိုမျိုး ဘယ်တော့မှ အဖြစ်ခံတော့မှာ မဟုတ်ဖူး၊ အဲလို ပြောလာတယ်၊ ဝ ဖက်က။'

စစ်အစိုးရနဲ့ ငြိမ်းချမ်းရေးယူထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် စုစုပေါင်း ၁၇ ဖွဲ့ထဲမှာ နယ်ခြားစောင့်တပ်အဖြစ် ပြောင်းလဲဖို့ သဘောမတူတဲ့ အဖွဲ့ပေါင်း ၁၃ ဖွဲ့ရှိပြီး ကရင်ပြည်နယ်က ဒီကေဘီအေနဲ့ ကရင်နီပြည်နယ်က ကလလတ အဖွဲ့တွေကတော့ သဘောတူ လက်ခံခဲ့တယ်လို့ သိရပါတယ်။




0 ယောက်ရဲ့ထင်မြင်ချက်: