6/24/2009

မြောက်ကိုရီယားသင်္ဘော မြန်မာဘက် ဦးတည်နေ


RFA

တားမြစ်ထားတဲ့ ဒုံးပျံ ဒါမှမဟုတ် ဆက်စပ်ပစ္စည်းတွေ တင်ဆောင်လာတယ်လို့ သံသယရှိတဲ့ မြောက်ကိုရီးယား သင်္ဘောတစီးဟာ မြန်မာနိုင်ငံဘက်ကို ဦးတည်သွားနေတယ်လို့ သိရပါတယ်။ ဒီသင်္ဘောနောက်မှာ အမေရိကန်ရေတပ် ဖျက်သင်္ဘော USS John McCain က နောက်ယောင်ခံ လိုက်နေတယ်လို့လည်း သိရပါတယ်။

၂ဝဝ၇ ခုနှစ် မေလ ၂၁ ရက်နေ့က မြန်မာစစ်အစိုးရ၏ ခွင့်ပြုချက်ဖြင့် မြောက်ကိုရီးယားသင်္ဘော Kang Nam သီလဝါဆိပ်ကမ်းတွင် ဆိုက်ကပ်ထားစဉ်။ (Photo: AFP)

ဇွန်လ ၁၇ ရက်နေ့က မြောက်ကိုရီးယားနိုင်ငံ Nampo ဆိပ်ကမ်းကနေ ထွက်ခွာလာတဲ့ တန်ချိန် ၂ ထောင်ရှိတဲ့ Kang Nam သင်္ဘောဟာ ကုလသမဂ္ဂ တားမြစ်ထားတဲ့ စစ်လက်နက်ပစ္စည်းတွေ တင်ဆောင်လာတယ်လို့ အများက ယူဆထားပြီး စင်္ကာပူဘက်ကနေ မြန်မာနိုင်ငံဖက်ကို ဦးတည်ခုတ်မောင်းလာတယ်လို့ တောင်ကိုရီးယား YTN ရုပ်မြင်သံကြားသတင်းမှာ ဒီကနေ့ ဖော်ပြထားပါတယ်။

Kang Nam သင်္ဘောဟာ အရင်က စစ်လက်နက်ရောင်းဝယ်ရာမှာ မြောက်ကိုရီးယား အသုံးပြုလေ့ရှိခဲ့တဲ့ သင်္ဘော ငါးစီးထဲက တစီးဖြစ်တယ်လို့ ဆိုပါတယ်။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ပြီးခဲ့တဲ့အပတ် ဆုံးဖြတ်ချက်အရ ဒီသင်္ဘောဟာ ပထမဆုံး စောင့်ကြည်ခံရတဲ့ သင်္ဘောဖြစ်ပါတယ်။ မြန်မာ့အရေး လေ့လာသူတဦးဖြစ်တဲ့ ထိုင်းနိုင်ငံအခြေစိုက် သတင်းစာဆရာ Mr. Bertil Lintner က Kang Nam သင်္ဘောဟာ သာမန်သင်္ဘောမဟုတ်သလို မြန်မာနိုင်ငံကို အရင်တခေါက်ရောက်ပြီးသားလို့ ဆိုပါတယ်။


Mr. Bertil Lintner။ ။ Kang Nam ဟာ သာမန်ကုန်သင်္ဘောမဟုတ်ပါဘူး။ အရင်က မြန်မာနိုင်ငံကို တခေါက်ရောက်ဖူးပါတယ်။ ဒီတုန်းက ရာသီဥတုဆိုးဝါးလို့ မြန်မာနိုင်ငံကို လူသားချင်းစာနာမှုအရ ဝင်ရောက်ခိုလှုံတယ်လို့ မြန်မာစစ်အစိုးရက ဆိုခဲ့ပါတယ်။ ၂ဝဝ၇ ခုနှစ် မေလက မြန်မာနိုင်ငံခြားရေးရုံးက ကြေငြာချက်ထုတ်ပြန်ပြီး Kang Nam သင်္ဘောဟာ ရာသီဥတု ဆိုးဝါးနေစဉ် စက်ပျက် ရိက္ခာပြတ်လပ်ပြီး မြန်မာရေပိုင်နက်ထဲ ရောက်လာလို့ လူသားချင်းစာနာမှုနဲ့ ဆိပ်ကမ်းသစ်ဖြစ်တဲ့ သီလဝါမှာ ဆိပ်ကမ်းအကပ်ခံခဲ့တယ်လို့ ဖော်ပြထားပါတယ်။ အခုဒီသင်္ဘောမှာ ဒုံးပျံပစ္စည်းလား ညူးကလီယားပစ္စည်းလား နှစ်ခုစလုံးလားဆိုတာတော့ ပြောလို့ မရပါဘူး။ ဒါပေမယ့် ဒီသင်္ဘောဟာ သာမန်သင်္ဘော မဟုတ်တာတော့ သေချာပါတယ်

လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အရ မြောက်ကိုရီးယားကနေ စစ်လက်နက်နဲ့ ညူးကလီးယားပစ္စည်း၊ ဒုံးပျံနည်းပညာ စတဲ့ ကုန်ပစ္စည်း လေကြောင်း၊ ကုန်းကြောင်း၊ ရေကြောင်း အဝင်အထွက် မပြုလုပ်ဖို့ တားမြစ်ထားပါတယ်။

အမေရိကန်အခြေစိုက် Fox သတင်းဌာနရဲ့ သတင်းမှာ ထိပ်တန်း အမေရိကန်စစ်ဖက် အဆိုအရ ဒီသင်္ဘောကို အမေရိကန် ဖျက်သင်္ဘောက နောက်ယောင်ခံလိုက်ပါနေပြီး စီးနင်းစစ်ဆေးဖို့ အမိန့်ရရင် စစ်ဆေးဖို့ အသင့်အနေထား ရှိတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် တားမြစ်စစ်ဆေးမလား၊ ဘယ်အချိန် စစ်ဆေးမလဲ ဆိုတာတွေကိုတော့ အမေရိကန်အရာရှိတွေက ပြောဆိုတာမရှိသေးပါဘူး။

မြောက်ကိုရီးယားအနေနဲ့ ဒီလိုရှာဖွေတာကို လက်ခံမှာ မဟုတ်ပါဘူး။ ဒီသင်္ဘောဟာ ခရီးတလျောက် တရုတ်ကမ်းလွန် တနေရာရာမှာ ဆီဖြည့်ရဖို့ ရှိနေပါတယ်။ ဒီလို ဝင်ရောက်ရပ်နားခဲ့ရင် ရပ်နားရာ အိမ်ရှင်နိုင်ငံအနေနဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အရ သင်္ဘောကို ဝင်ရောက်ရှာဖွေဖို့ တာဝန်ရှိတယ်လို့ အမေရိကန်အရာရှိတဦးက ပြောပါတယ်။

အမေရိကန်စစ်ဌာနချုပ် ပင်တဂွန်ကတော့ နောက်ယောင်ခံလိုက်နေတဲ့ ရေတပ် ဖျက်သင်္ဘောအနေနဲ့ ကြားဖြတ် ဝင်ရောက်စစ်ဆေးဖို့ ရှိမရှိ ဖြေကြားဖို့ ငြင်းဆိုထားပါတယ်။

ဒီအကြောင်းတွေနဲ့ ပတ်သက်ပြီး မြန်မာ့ စစ်ရေးနိုင်ငံရေးလေ့လာသူ ဦးဌေးအောင်ကို ကိုကျော်မင်းထွန်းက ဆက်သွယ်မေးမြန်းထားပါတယ်။


နားဆင်ရန် ဆက်သွယ်မေးမြန်းချက်။



0 ယောက်ရဲ့ထင်မြင်ချက်: