6/04/2009

ဒေါ်စုအား ဖမ်းဆီးမှုအပေါ် ကိုရီးယား အစိုးရက စိုးရိမ်မှု ပြသ


မေကျော်

ချင်းမိုင် (မဇ္ဈိမ)။ ။ ကိုရီးယားအစိုးရ အဆက်ဆက်က မြန်မာ့နိုင်ငံရေးတွင် ပါဝင်ပတ်သက်မှု မရှိခဲ့သော်လည်း သမတ ကင်မြောင်ဘတ်က ဒေါ်အောင်ဆန်းစုကြည်အား ဖမ်းဆီးမှုနှင့်ပတ်သက်၍ စိုးရိမ်ကြောင်း မြန်မာစစ်အစိုးရ ဝန်ကြီးချုပ်အား ယမန်နေ့က သီးခြားတွေ့ဆုံကာ ပြောကြားလိုက်သည်။

ကိုရီးယားနိုင်ငံ ဂျေဂျူးကျွန်းတွင် ကျင်းပသော ကိုရီးယား-အာဆီယံ ထိပ်သီး အစည်းအဝေးသို့ တက်ရောက်လာသည့် မြန်မာစစ်အစိုးရ ဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး သိန်းစိန်အား ကိုရီးယား သမတက သီးသန့်တွေ့ဆုံ၍ ယခုလို ပြောကြားခဲ့ခြင်း ဖြစ်သည်။

“ကိုရီးယား သမတက ဒေါ်အောင်ဆန်းစုကြည်အတွက် စိုးရိမ်တယ်၊ စိုးရိမ်မကင်း ဖြစ်တယ်။ ဒါဟာ ယဉ်ကျေးတဲ့ လူ့အသိုင်းအဝိုင်းက လက်ခံနိုင်တဲ့ ကိစ္စမဟုတ်ဘူးလို့ ထဲထဲဝင်ဝင်တော့ ပြောသွားတာပဲ” ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် လွတ်မြောက်နယ်မြေ (ကိုရီးယား) မှ ကိုရန်လင်းအောင်က မဇ္ဈိမကို ပြောသည်။

ကိုရီးယားအစိုးရက မြန်မာ့နိုင်ငံရေးကို ယခုကဲ့သို့ အတိအလင်း ပြောသည်မှာ ပထမဆုံးအကြိမ် ဖြစ်သော်လည်း အခြား ထိရောက်သည့် လုပ်ဆောင်မှုမျိုးကိုမူ စောင့်ကြည့်ရဦးမည်ဟု သူက ဆက်ပြောသည်။

ဤသည်မှာ ကိုရီးယားအစိုးရ အဆက်ဆက်အနေဖြင့် မြန်မာအစိုးရများကို ယခုလို မပြောဆိုခဲ့ဖူးဘဲ ဒေါ်အောင်ဆန်းစုကြည်ကို အကျဉ်းချကာ တရားစီရင်မှုများ ပြုလုပ်ချိန်မှ ပြောကြားလိုက်ခြင်းလည်း ဖြစ်သည်။

ကိုရီးယား အစိုးရသည် နောင်တချိန်တွင် ဆက်ဆံလာရမည့် မြန်မာ့ဒီမိုကရေစီ အင်အားစုများနှင့် မပြေမလည် ဖြစ်မည်ကို စိုးရိမ်မှုကြောင့် မီးစတဖက် ရေမှုတ်တဖက် ပုံစံဖြင့် မြန်မာ့ဒီမိုကရေစီ အင်အားစုများနှင့် စစ်အစိုးရကိုပါ ပြေလည်အောင် ဆက်ဆံလာခြင်း ဖြစ်နိုင်ကြောင်း ကိုရီးယားအခြေစိုက် မြန်မာအင်အားစု အချို့က သုံးသပ်ကြသည်။






0 ယောက်ရဲ့ထင်မြင်ချက်: