6/04/2009

ကော့သောင်း မြေပြိုမှုတွင် လူ ၄ ဦး သေဆုံး

ကိုဝိုင်း

ချင်းမိုင် (မဇ္ဈိမ)။ ။ တနင်္သာရီတိုင်း ကော့သောင်းမြို့တွင် ယမန်နေ့ညက မိုးသက်လေပြင်း တိုက်ခတ်ပြီး မြေပြိုကျသဖြင့် အိမ်တလုံးမှ မိသားစုဝင် ၄ ဦး သေဆုံးခဲ့ကြောင်း မြို့ခံများ အပြောအရ သိရသည်။

ရွှေမင်းဝံရပ်ကွက် အမှတ် (၈) လမ်းတွင် နေအိမ်ပေါ် မြေပြိုမှုကြောင့် မိခင်အပါအဝင် ကလေး ၃ ဦး မြေပိ သေဆုံးသွားရပြီး၊ ဖခင်မှာ ခြေထောက်ကျိုးသွား၍ အခြားအိမ်နီးချင်း ၂ ဦးနှင့်အတူ ကော့သောင်းဆေးရုံ၌ ဆေးကုသခံနေရသည်။

“လူ ၄ ယောက် သေတယ်။ ၃ ယောက် ဆေးရုံပို့ထားတယ်။ အမှတ် (၈) လမ်းဆိုတာက တောင်ခြေရောက်နေပြီ။ ညက ၁၂ နာရီလောက်က မိုးနဲ့ လေနဲ့ ကြီးပြီးတော့ မြေက ပြိုဆင်းလာတာ။ ကလေး ၃ ယောက်က ခြင်ထောင်ထဲမှာ လုံးပြီးတော့ မြေပိနေတယ်။ သူတို့အမေလည်း သေတာပဲ။ ဒီမနက် ၉ နာရီမှ ဖော်လို့ပြီးတယ်။ တခြားအိမ်တွေထဲက ရေဝင်တယ်။ ကျောက်တုံးတွေ လိမ့်ကျလာတာ ရှိတယ်။ တမြို့လုံးနီးနီး ညက မအိပ်ကြရဘူး” ဟု မြို့ခံတဦးက မဇ္ဈိမကို ပြောသည်။

ကော့သောင်းမြို့၌ မိုးပြင်းရွာနေသည်မှာ နှစ်ရက်ခန့်ရှိပြီးဖြစ်ပြီး ယမန်နေ့ညကမူ လေပြင်းပါတိုက်ခတ်ခဲ့သည်။ နေအိမ်များ၊ ဆိုင်များနှင့် လမ်းမများတွင် ရေကြီးခဲ့ပြီး မြေနိမ့်ပိုင်း တချို့နေရာများတွင် ရင်ခေါင်းခန့်အထိ ရေမြင့်တက်ခဲ့သည်။

ယနေ့နံနက်တွင်မူ နေသာလျက်ရှိသော်လည်း ညက ရေဝင်သွားသည့် အိမ်ရှင်များမှာမူ အမှိုက်နှင့် အညစ်အကြေးများ ရေတင်ကျန်ခဲ့သဖြင့် သန့်ရှင်းရေး လုပ်နေကြသည်။


0 ယောက်ရဲ့ထင်မြင်ချက်: