H1N1 ၀က်တုပ်ကွေး ဗိုင်းရပ် ကူးစက်ခံရသူ လူ ၄၀၀၀ ကျော်ပြီ
အခုလတ်တလောမှာ ဖြစ်နေတဲ့ H1N1 ၀က် တုပ်ကွေး ရောဂါနဲ့ ပတ်သက်တဲ့ စာရင်းဇယားတွေကို WHO ကမ္ဘာ့ ကျန်းမာရေး အဖွဲ့က နောက်ထပ် အသစ် ထုတ်ပြန်လိုက်ပါတယ်။ ပထမ တခု ထုတ်ပြန်ပြီး နောက်တရက် အကြာမှာ ထုတ်ပြန်လိုက်တဲ့ စာရင်းထဲမှာ ၂၀ ရာခိုင်နှုန်း တိုးလာတယ်လို့ ဖော်ပြထားပါတယ်။
နိုင်ငံပေါင်း ၂၉ နိုင်ငံမှာ တရားဝင် အတည်ပြုနိုင်တဲ့ ၀က်တုပ်ကွေး ရောဂါ စုစုပေါင်း ၄ ထောင် ၃ ရာ ၇၉ ခုရှိတယ်လို့ ကမ္ဘာ့ ကျန်းမာရေး အဖွဲ့က ဆိုပါတယ်။ ပထမ ထုတ်ပြန်တဲ့ ၃၄၄၀ ကနေ နောက်ထပ် ၁ ထောင်လောက် ထပ်တိုး လာတာဖြစ်ပါတယ်။ ကော့စတာရီကာ နိုင်ငံက သူတို့ဆီမှာ ၀က်တုပ်ကွေး ရောဂါပိုးကြောင့် ပထမဆုံးအနေနဲ့ လူ တစ်ယောက် သေဆုံးခဲ့တဲ့လို့ စနေနေ့က ကြေငြာလိုက်ပါတယ်။ စနေနေ့မှာတော့ မက္ကဆီကိုနိုင်ငံက နောက်ထပ် ၃ ယောက်သေဆုံးခဲ့တယ်လို့ ကြေငြာခဲ့ပါတယ်။
အမေရိကန် အနောက်မြောက်ပိုင်းမှာ ၀က်တုပ်ကွေး ရောဂါနဲ့ ဆက်စပ်ပြီး တတိယမြောက် သေဆုံးမှု ဖြစ်ခဲ့တယ်လို့ ၀ါရှင်တန် ပြည်နယ်က ကျန်းမာရေး အရာရှိတွေက ဆိုပါတယ်။ အဲဒီသေဆုံးသွားတဲ့ အမျိုးသားဟာ သေဆုံးတဲ့ အချိန်မှာ နှလုံးနဲ့ အဆုတ်မှာ ရောဂါရှိနေတယ်လို့ ကျန်းမာရေး အာဏာပိုင်တွေက ပြောပါတယ်။
VOA သတင်းမှ
0 ယောက်ရဲ့ထင်မြင်ချက်:
Post a Comment