ကျပ် ၅ဝဝ တန် အတု သတိပြုဖို့ ဗဟိုဘဏ် ညွှန်ကြား
မြန်မာနိုင်ငံတွင်း နေ့စဉ် လည်ပတ်သုံးစွဲနေတဲ့ ငွေစက္ကူတွေထဲမှာ ကျပ် ၅ဝဝ တန် အတုတွေ တွေ့ရှိနေတဲ့အတွက် ပုဂ္ဂလိကဘဏ်တွေ အနေနဲ့ သေသေချာချာ စိစစ်ဖို့နဲ့ တွေ့ရှိရင် ဖျက်ဆီးပစ်ဖို့ ပြည်ထောင်စု မြန်မာနိုင်ငံ ဗဟိုဘဏ်က ညွှန်ကြားချက် ထုတ်ပြန်ထားတယ် လို့ RFAက စုံစမ်းသိရှိရပါတယ်။
ဒီလို ဗဟိုဘဏ်က ငွေစက္ကူအတုနဲ့ပတ်သက်တဲ့ ညွှန်ကြားချက် ထုတ်ထားတာ ဟုတ်မှန်ကြောင်း ပုဂ္ဂလိဘဏ်တခုရဲ့ အကြီးတန်းအရာရှိတဦးက အတည်ပြု ပြောဆိုပါတယ်။ ငွေစက္ကူအတုနဲ့ အစစ်ခွဲခြားနိုင်တဲ့ အချက်အလက်တွေကိုလည်း အဲဒီညွှန်ကြားချက်မှာ ဖော်ပြထားတယ်လို့ သိရပါတယ်။

မြန်မာပြည်တွင်သုံးစွဲနေသော ကျပ် ၅၀၀ တန်ငွေစက္ကူ
ဒီအတောအတွင်းမှာပဲ မြဝတီမြို့မှာ ငွေတုလုပ်သူ ၄ ဦးကို ပြီးခဲ့တဲ့ နိုဝင်ဘာလကတည်းက ဖမ်းဆီးထားတယ်လို့ သိရပြီး အဲဒီလူတွေကို စုံစမ်းစစ်ဆေးနေတယ် လို့ သိရပါတယ်။ အတည်မပြုနိုင်သေးတဲ့ သတင်းတပုဒ်အရ ငွေတုလုပ်မှုနဲ့ဖမ်းဆီးထားသူ ၄ ဦး ထဲက တဦးဟာ စစ်အစိုးရနဲ့ အပစ်အခတ်ရပ်စဲထားတဲ့ ကရင် လက်နက်ကိုင် DKBA အဖွဲ့က ဖြစ်တယ်လို့ ဆိုပါတယ်။ အလားတူပဲ နမ့်ခမ်းတောင်ပိုင်းမှာလဲ ၅ဝဝ တန် အတုတွေ တွေ့ရှိရကြောင်း ကြားသိရပေမဲ့ RFAက သီးခြား အတည်မပြုနိုင်သေးပါဘူး။
ဒီသတင်းနဲ့ပတ်သက်ပြီး RFA မှ ကိုနေရိန်ကျော်က စုံစမ်းမေးမြန်းထားပါတယ်။
အသံဖိုင် နားဆင်ရန် Click
နိုင်ငံခြားလုပ်သားအသစ် ခေါ်ယူမှု မလေးရှားအစိုးရ တရားဝင်ပိတ်ပင်
စီးပွားရေး ကျဆင်းလာတာနဲ့အမျှ စက်ရုံနဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေက နိုင်ငံခြားသား အလုပ်သမား နောက်ထပ် ငှားရမ်း ခေါ်ယူမှု အသစ်တွေကို မလေးရှားအစိုးရက တရားဝင် ပိတ်လိုက်ပါတယ်။

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ရှိ ဆောက်လုပ်ရေး လုပ်ငန်းခွင်တခုမှ နိုင်ငံခြား အလုပ်သမားများ ဖြစ်ပါသည်။ (Photo: AFP)
တရုတ်နှစ်သစ်ကုးကာလမှာ အလုပ်သမား ၄ သောင်းခွဲ အလုပ်လက်မဲ့ဖြစ်မယ်လို့ မလေးရှား အလုပ်သမား ရေးရာဌာန အစီရင်ခံစာ ထုတ်ပြန်အပြီး မလေးရှားနိုင်ငံအနေနဲ့ နိုင်ငံခြားသား အလုပ်သမားအသစ် ခေါ်ယူဖို့ဆိုတာ အကြောင်းမရှိပါဘူးလို့ မလေးရှား ပြည်ထဲရေး ဝန်ကြီး Mr. Syed Hamid Albar က ဇန်နဝါရီ ၂၂ရက် ဒီကနေ့မှာ ပြောလိုက်ပါတယ်။
မလေးရှား လုပ်ငန်းရှင်တွေအနေနဲ့ ဒီအချိန်ဟာ နိုင်ငံခြားသားအလုပ်သမား ခေါ်ယူဖို့ အချိန်မဟုတ်တဲ့အကြောင်း၊ စီးပွားရေးကျလာချိန် အလုပ်ရှင်တွေအနေနဲ့ အလုပ်က ဖြုတ်ရမဲ့သူတွေဟာလည်း မလေးရှား နိုင်ငံသားတွေ မဟုတ်ပဲ နိုင်ငံခြားသား အလုပ်သမားတွေ ဖြစ်ကြောင်း မစ္စတာအာဘား ပြောပါတယ်။
မလေးရှားနိုင်ငံထုတ် The Star သတင်းစာအဆိုအရ လက်ရှိ မလေးရှားနိုင်ငံမှာ စက်ရုံနဲ့ ဝန်ဆောင်မှု လုပ်ငန်း ကဏ္ဍ ၂ ခုမှာ နိုင်ငံခြားသား ၁ သန်း အလုပ်လုပ်နေကြပြီး မလေးရှားအစိုးရအနေနဲ့ ဒီအလုပ်သမားတွေကို လက်ရှိ အလုပ်လုပ်ခွင့် ပါမစ်သက်တမ်း ကုန်တဲ့အထိ၊ ဒါမှမဟုတ် အလုပ်ရှင်က အလုပ်ဖြုတ်တဲ့အထိ ထားရှိမယ်လို့ သိရပါတယ်။
မလေးရှား ဒုဝန်ကြီးချုပ် မစ္စတာနာဂျစ်ကလည်း အလုပ်သမားလျှော့ချရင် နိုင်ငံခြားသားတွေ ဖြစ်မယ်လို့ ပြောပါတယ်။ မလေးရှားနိုင်ငံအခြေစိုက် အလုပ်သမားရေးရာ မြန်မာအဖွဲ့အစည်းတွေကတော့ ဒီလို နိုင်ငံခြား အလုပ်သမားလျှော့ချရင် အနစ်နာဆုံး ဖြစ်မဲ့သူတွေက မြန်မာအလုပ်သမားတွေပဲလို့ ဆိုပါတယ်။
ကွာလာလမ်ပူမြို့က မြန်မာ အလုပ်သမားအရေး ကူညီပေးရေးကော်မတီ (BWRPC) က ကိုရဲမင်းထွန်းက RFAကို အခုလို ပြောပါတယ်၊
ကိုရဲမင်းထွန်း။ ။ ' ဒီလို အလုပ်သမားတွေ လျှော့ချမယ်ဆိုရင်၊ နောက်ပြီး ဒီ မလေးရှားအစိုးရကလည်း နိုင်ငံခြားသား အလုပ်သမားတွေ အပေါ်မှာ လျှော့ချဖို့ ဖိအားပေးလာမယ်ဆိုရင် အရင်ဆုံး ခံရမှာ မြန်မာလူမျိုးတွေ၊ တရားဝင် အလုပ်သမားတွေ၊ ဘာဖြစ်လို့လဲဆိုတော့ ဒီမြန်မာလူမျိုး တရားဝင် အလုပ်သမားတွေက ဖိနှိပ်ရတာ လွယ်တယ်။ နိုင်ငံ အကာအကွယ်ပေးမှု မဲ့တဲ့အတွက်။ ပြီးတော့ ဒီမှာရှိတဲ့ မြန်မာသံရုံးကလည်း မဖြေရှင်းပေးနိုင်တဲ့အတွက် ပိုပြီးတော့ သူတို့ ပြဿနာတွေက ကယ်မဲ့သူမရှိ၊ ဒီလို အခုလို ကွsန်တော်တို့လို အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေက လွဲလို့ ဘယ်မှာမှ သူတို့ အားကိုးစရာ ရှိမှာ မဟုတ်ဖူး။ '
မလေးရှားနိုင်ငံမှာ တရားဝင် နိုင်ငံခြားသား အလုပ်သမား ၂ သန်းကျော် အာရှမှာ နိုင်ငံခြားသား အလုပ်သမားကို အများဆုံးငှားရမ်း ခေါ်ယူထားတဲ့ နိုင်ငံတနိုင်ငံလည်း ဖြစ်ပါတယ်။
RFA မှကူးယူမျှဝေပါသည်။

0 ယောက်ရဲ့ထင်မြင်ချက်:
Post a Comment