1/24/2009

စစ်အစိုးရတပ်နှင့် ရှမ်းပြည်တပ်မတော် တောင်ပိုင်းတပ်များ တိုက်ပွဲ သုံးကြိမ်ဖြစ်ပွား

ရှမ်းပြည်အလယ်ပိုင်းနဲ့ တောင်ပိုင်းဒေသမှာ မြန်မာစစ်အစိုးရတပ်တွေနဲ့ ရှမ်းပြည်တပ်မတော် (SSA )တောင်ပိုင်း က တပ်ဖွဲ့တွေ ဇန်နဝါရီလအတွင်း တိုက်ပွဲတွေ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။



ရှမ်းပြည်တပ်မတော်မှ လက်နက်ကိုင် တပ်ဖွဲ့ဝင်များ မှတ်တမ်းပုံ ဖြစ်ပါသည်။ (Photo: AFP)
ဒီအကြောင်းနဲ့ ပတ်သက်လို့ RFAက အက်စ်အက်စ်အေ တောင်ပိုင်းအဖွဲ့က ပြောရေးဆိုခွင့်ရှိသူ စိုင်းဆိုင်မိဏ်းကို ဆက်သွယ်မေးမြန်းတဲ့အခါ သူက အခုလို ပြောပြပါတယ်။

စိုင်းဆိုင်မိဏ်း။ ။ ' ခုလ ၁၂ ရက်နေ့က ရှမ်းပြည်တပ်မတော်နဲ့ နအဖ ဘက်က ခလရ ၆၄ ပေါ့၊ လဲချားတပ်နဲ့ ခမရ ၅၃ ဆိုတဲ့ ပင်လုံက တပ် သူတို့ရဲ့စစ်ကြောင်းပေါ့၊ လူဦးရေ ၅ဝ လောက် မိုင်းကိုင်မြို့ရဲ့ တောင်ဘက်မှာ ပက်ပင်းတိုးပြီးတော့ တိုက်ပွဲဖြစ်ကြပါတယ်၊ ဒီလအတွင်းမှာတော့ ၃ ကြိမ်ဗျ၊ မိုင်းကိုင်ရဲ့တောင်ဘက်ရယ်၊ ဟိုပုန်းနယ်ထဲမှာပေါ့ အဲဒီတပ်ရယ်၊ ပြီးတော့ ပင်လုံနယ်ထဲမှာပေါ့ ဒီလထဲမှာတော့ ဒီ ၃ ကြိမ် ဖြစ်ပါတယ်။ '
အခုလို အက်စ်အက်စ်အေနဲ့ မြန်မာစစ်အစိုးရတပ်တွေ တိုက်ပွဲမဖြစ်တာ အတော်လေးကြာနေပြီးတော့၊ အခုတိုက်ပွဲ တွေကလည်း မြန်မာစစ်အစိုးရဘက်က တမင် ထိုးစစ်ဆင်တာမဟုတ်တဲ့အကြောင်း စိုင်းဆိုင်မိဏ်းက ဆက်ပြောပါတယ်။
စိုင်းဆိုင်မိဏ်း။ ။ ' သူတို့စစ်ကြောင်းကတော့ အမြဲတမ်းလာနေကျ၊ ကျနော်တို့ရဲ့ တပ်တွေကလည်း အမြဲတမ်း လှည့်ကင်း ရှိနေတော့ တောထဲမှာသွားပြီးတော့ ပက်ပင်းတိုး တဲ့ တိုက်ပွဲပုံစံမျိုးပါပဲ၊ ကျွန်တော်တို့ နေရာကို လာပြီးတော့ ထိုးစစ်ဆင်တဲ့ သဘောမျိုးတော့ မရှိသေးပါဘူး။ '
ဇန်နဝါရီလ ၁၂ ရက်နေ့ မိုင်းကိုင်မြို့ရဲ့ အနောက်ဖက်မှာ ဖြစ်တဲ့တိုက်ပွဲမှာတော့ မြန်မာစစ်အစိုးရတပ်က စစ်သားတယောက် ကျဆုံးကာ ၅ ယောက်ဒဏ်ရာရသွားပြီး အက်စ်အက်စ်အေ တောင်ပိုင်းတပ်ကတော့ တပ်သားတယောက် ဒဏ်ရာ အနည်းငယ်ရတယ်လို့လည်း သူကပြောပါတယ်။

ရှမ်းပြည်တပ်မတော် တောင်ပိုင်းအဖွဲ့ဟာ ၁၉၉၅ ခုနှစ်မှာ မြန်မာစစ်အစိုးထံ လက်နက်ချခဲ့တဲ့ ဘိန်းဘုရင်ခွန်ဆာ အဖွဲ့ကနေ ခွဲထွက်ခဲ့တဲ့ အဖွဲ့ဖြစ်တဲ့အပြင် မြန်မာစစ်အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူ လက်မှတ်ရေးထိုးထားတာမဟုတ်ပဲ ရှမ်းတိုင်းရင်းသား အခွင့်အရေးတွေအတွက် ဆက်လက် တိုက်ပွဲဝင်နေတဲ့ အဖွဲ့ဖြစ်ပါတယ်။ အခုလို မကြာခဏ ရှမ်းပြည်နယ်ထဲ တိုက်ပွဲတွေ ဖြစ်နေတာဟာ မြန်မာစစ်အစိုးရက သူတို့စိတ်ကြိုက်ပြုလုပ်မဲ့ ၂ဝ၁ဝ ရွေးကောက်ပွဲအတွက် ပြင်ဆင်နေတဲ့ အချိန်လည်း ဖြစ်ပါတယ်။


RFAမှကူးယူမျှဝေးပါသည်။

0 ယောက်ရဲ့ထင်မြင်ချက်: