1/25/2009

အရှင်ဂမ္ဘီရကို ခန္တီးထောင်ဆီ ရွှေ့လိုက်ပြီဟု ထောင်အရာရှိပြော

ကိုဝိုင်း
မန္တလေးထောင်တွင်း အစာငတ်ခံဆန္ဒပြနေသည်ဟု သတင်းထွက်ပေါ်နေသာ ဦးဂမ္ဘီရအား ခန္တီးထောင်သို့ ပြောင်းရွှေ့လိုက်ပြီဖြစ်ကြောင်း ထောင်အာဏာပိုင်များကို ကိုးကား၍ မိသားစုဝင်များက ပြောသည်။

မန္တလေးမြို့ရှိ အိုးဘိုထောင်သို့ ယမန်နေ့က သွားရောက်တွေ့ဆုံရန် ကြိုးစားခဲ့သည့် ဦးဂမ္ဘီရ၏ မယ်တော် ဒေါ်ရေးကို ထောင်အရာရှိက ပြောဆိုလိုက်ခြင်းဖြစ်သည်။ ဇန်န၀ါရီ ၁၇ ရက်ကတည်းက မန္တလေးမှ မိုင် ၃၀၀ နီးပါး ကွာဝေးသာ စစ်ကိုင်းတိုင်း ခန္ဓီးမြို့ရှိ ထောင်သို့ ပို့ဆောင်ခဲ့သည်ဟု ဆိုသည်။

အရှင်ဂမ္ဘီရအား ဆေးစစ်ပြီးမှ ကျန်းမာရေးကောင်းသဖြင့် ခန္တီးထောင်သို့ ပြောင်းလိုက်ခြင်းဖြစ်ကြောင်း အာဏာပိုင်များက မိသားစုကို ပြောလိုက်ကြောင်းလည်း သိရသည်။

သို့သော်လည်း အသက် ၂၉ နှစ်အရွယ် ဦးဂမ္ဘီရသည် ထောင်တွင်း၌ အစာငတ်ခံ ဆန္ဒပြနေသည့် ကိစ္စနှင့်ပတ်သက်၍ အာဏာပိုင်များက ဖြေကြားရန် ငြင်းဆန်ခဲ့ကြသည်။

ကလေးစစ်သားဖြစ်ခဲ့ဖူးသူ နိုင်ငံရေးစိတ်ထက်သန်သည့် ဆရာတော်ကို ပြီးခဲ့သည့်နှစ်နှောင်းပိုင်းက ဗုဒ္ဓသာသနာညှိုးနွမ်းစေသည့် ပြစ်မှု၊ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှုကို နှောင့်ယှက်မှုတို့ အပါအ၀င် စွဲဆိုချက်ပေါင်း ၁၆ ခုဖြင့် စုစုပေါင်းထောင်ဒဏ် ၆၈ နှစ် ချမှတ်ခဲ့သည်။

ရန်ကုန် အင်းစိန်ထောင်မှ စစ်ကိုင်းတိုင်း ခန္တီးမြို့သို့ပြောင်းရွှေ့မိန့်အရ လမ်းခုလတ် မန္တလေးထောင်တွင် ခေတ္တထားရှိစဉ် အစာငတ်ခံဆန္ဒပြနေသည်ဟု သတင်းထွက်ပေါ်လာခဲ့သည်။

အသက် ၂၉ နှစ်အရွယ်၌ ဓမ္မာစရိယတန်း စာဝါလိုက်နေရင်း ဦးဂမ္ဘီရသည် ၂၀၀၇ ခုနှစ် သိန်းနှင့်ချီသော သံဃာတော်များနှင့် လူပုဂ္ဂိုလ်များက လမ်းပေါ်ထွက် မေတ္တာသုတ်ရွတ်ဆိုကာ ညှိနှိုင်းဆွေးနွေးခြင်းဖြင့် နိုင်ငံရေးအဖြေရှာရန် တောင်းဆိုသည့် ဆန္ဒပြမှုတွင် ဦးဆောင်ခဲ့သည်။

သေနတ်ဖြင့်ပစ်ခတ်၍ အနည်းဆုံး လူ ၃၀ ကျော် သေဆုံးခဲ့ရသော ရွှေဝါရောင်ဟု တွင်ခဲ့သည့် လူထုအုံကြွမှုအပြီးတွင်တော့ တိမ်းရှောင်နေရင်း၊ မန္တလေးတိုင်း စဥ့်ကိုင်မြို့နယ်တွင် ၂ဝဝ၇ ခုနှစ် နိုဝင်ဘာလ ၄ ရက်နေ့တွင် ဖမ်းဆီးခံခဲ့ရသည်။

စစ်အစိုးရက ဆရာတော်၏ နောင်တော်ကြီးဖြစ်သူ ကိုအောင်ကျော်ကျော်ကိုလည်း ထောင်ဒဏ် ၁၄ နှစ်ချလိုက်ပြီး ညီဖြစ်သူ ကိုအောင်ကိုကိုလွင်နှင့် ယောက်ဖတော် ကိုမိုးထက်တို့ကိုလည်း နယ်စပ်ဖြတ်ကျော်မှုဖြင့် စွဲချက်တင်ကာ အင်းစိန်ထောင်၌ စစ်ဆေးနေဆဲဖြစ်သည်။

မဇ္ဈိမ မှကူးယူမျှဝေပါသည်။


0 ယောက်ရဲ့ထင်မြင်ချက်: