1/22/2009

မလေးရှားရောက် မြန်မာအလုပ်သမ ၁၆ ဦး မတရား ဖိနှိပ်ခံနေရ


မလေးရှားနိုင်ငံက ကွာလာလာမ်ပူမြို့အနီး ဆွန်ကိုင်ဂလို့ နယ်က အထည်ချုပ်စက်ရုံတခုမှာ တရားဝင် အလုပ်သမား အဖြစ်နဲ့ လာရောက်အလုပ်လုပ်နေတဲ့ မြန်မာ အမျိုးသမီး ငယ် ၁၆ ဦးဟာ အလုပ်ရှင်က မတရားဖိနှိပ် ခိုင်း စေ တာ တွေကို ခံနေရပြီး ဒီကိစ္စနဲ့ ပတ်သက်လို့ ကူညီဖြေ ရှင်း ပေ မယ့်သူလည်း မရှိဖြစ်နေတယ်လို့ သိရပါတယ်။
Photo: Courtesy of BWRC (Burmese Workers Rescue Committee)

အလုပ်ခွင်တွင် အနှိပ်စက်ခံရသဖြင့် တိုင်ကြားရာမှ မလေးရှား လူဝင်မှုကြီးကြပ်ရေးဌာန၏ ဖမ်းဆီးခြင်းခံရသော မြန်မာ အလုပ်သမ သုံးဦး ဖြစ်ပါသည်။

သူတို့ကို မလေးရှားမှာ အလုပ်လုပ်ဖို့ စာချုပ်နဲ့ခေါ်စဉ်က စာချုပ်ပါ သဘောတူထားတဲ့ လစာမရတဲ့ အပြင် အပြင်နဲ့ဆက်သွယ်တာ၊ အလုပ်ချိန်ပိုခိုင်းစေတာနဲ့ လူမှုရေးအရ ကန့်သတ်တာတွေပါရှိနေတဲ့အတွက် မကျေမနပ်ဖြစ်ရတယ်လို့ သိရပါတယ်။ အလုပ်ရှင်အနေနဲ့ အစားအသောက်လည်း ကောင်းကောင်းမွန်မွန် ကျွေးမွေးတာမရှိဘူးလို့ သိရပါတယ်။

ဒီအကြောင်းတွေကို သိဖို့အတွက် ဒီအထဲမှာ မြန်မာအလုပ်သမတဦးကို အာအက်ဖ်အေက ဒီကနေ့ ညနေပိုင်းက ဆက်သွယ်မေး မြန်းနေချိန်မှာ အလုပ်ရှင်က အော်ဟစ်ပြောဆိုတာ၊ တယ်လီဖုန်း သိမ်းယူသွားခဲ့ပါတယ်။

မြန်မာ အလုပ်သမတွေအနေနဲ့ အလုပ်ရှင်က ဒီလို ဖိနှိပ်ဆက်ဆံနေတာတွေ ပတ်သက်ပြီး အရေးယူဖြေရှင်း ပေမယ့်သူမရှိတဲ့အတွက် ကွာလာလမ်ပူအခြေစိုက် မြန်မာအဖွဲ့စည်း တွေကို ဆက်သွယ် အကူညီတောင်းထားတယ်လို့ သိရပါတယ်။

ဒီကိစ္စကို အမှုဖွင့်အရေးယူဖို့ လုပ်ဆောင်ပေးနေတဲ့ မြန်မာအလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေတဲ့ ကွာလာလမ်ပူအခြေစိုက် မြန်မာအလုပ်သမား အခွင့်ရေး ကာကွယ်စောင့်ရှောက်ရေး ကော်မတီက ကိုစည်သူအောင်က အခုလိုပြောပြပါတယ်။

ကိုစည်သူအောင်။ ။ "တလကို ၇၅ဝ ရမယ်ဆိုပြီး မြန်မာပြည်ကနေ မိန်းကလေး ၁၆ ယောက် ထွက်လာတယ်။ အများစု လှိုင်သာယာမြို့နယ်ကပေါ့၊ ဒီရောက်တော့ လစာ ၇၅ဝ မရဘူး၊ သူတို့ကို အလုပ်ခိုင်းတဲ့အချိန်က မနက် ၈ နာရီခွဲကနေ နောက်တနေ့ည ၈ နာရီခွဲထိ ခိုင်းတယ်၊ အဲဒီကြားထဲမှာ နားချိန် ၅ နာရီပဲပေးတယ်၊ ပြီးတော့ အလုပ်ပြန်ခိုင်းတယ်၊ အချိန်ပိုခိုင်းတဲ့အချိန်မှာလည်း အချိန်ပိုကြေးမပေးဘူး။ ထမင်းလည်း မကွေ္ဆးဘူး၊ ပလာတာ ၂ ချပ်လောက်ပဲကျွေးတယ်။ သူဌေးက ဒီမိန်းကလေးတွေကိုပေါ့လေ လူမိုက်အစောင့်တွေနဲ့ထား ထားတယ်ပေါ့၊ သူတို့ကို သွားတွေ့ဖို့က အရမ်းအခက်အခဲဖြစ်နေတယ်။"
နောက်ဆက်တွဲ သတင်း-

မလေးရှားရောက် မြန်မာ လုပ်သားများက အလုပ်ရှင်ကို တရားစွဲဖို့ပြင်
2009-01-21

မလေးရှားနိုင်ငံ၊ Selangor ပြည်နယ် Sumai Buloh နယ်က အထည်ချုပ် စက်ရုံတခုမှာ တရားဝင် အလုပ်သမားအဖြစ်နဲ့ သွားရောက် အလုပ်လုပ်နေတဲ့ မြန်မာအမျိုးသမီးငယ် ၁၅ ဦး နဲ့ အမျိုးသား ၁ ဦးဟာ အလုပ်ရှင်က မတရား ဖိနှိပ်ခိုင်းစေတာကြောင့် မလေး အာဏာပိုင်တွေကို အရေးယူပေးဖို့ သက်ဆိုင်ရာကို တင်ပြမယ်လို့ နောက်ဆုံး သိရပါတယ်။

မလေးရှားနိုင်ငံတွင် နိုင်ငံခြားမှ လာရောက် အလုပ်လုပ်သော အလုပ်သမားများအပေါ် မတရား ဖိနှိပ် အနိုင်ကျင့်မှုများ မကြာခဏ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားလျက် ရှိပါသည်။ ပုံမှာ မလေးရှား အလုပ်ရှင်က လုပ်အားခ ၁ဝလစာ မပေးသဖြင့် အင်ဒိုနီးရှားသံရုံးတွင် လာရောက်ခိုလှုံနေရသည့် အင်ဒိုနီးရှားလူမျိုး အိမ်တွင်း အလုပ်သမ တဦး ဖြစ်သည် ။(Photo: AFP)


သူတို့ကို မလေးရှားမှာ အလုပ်လုပ်ဖို့ စာချုပ်နဲ့ ခေါ်စဉ်က စာချုပ်ပါ သဘောတူထားတဲ့ လစာမရတဲ့ အပြင် အချိန်ပို လုပ်အားခမပေးပဲ အလုပ်ချိန်ပို ခိုင်းစေတာနဲ့ လူမှုရေးအရ ကန့်သတ်တာတွေ ပါရှိနေတဲ့အတွက် မကျေမနပ် ဖြစ်ရတယ်လို့ သိရပါတယ်။ ဒါ့အပြင် အလုပ်ရှင်က အစောင့်အကြပ်တွေ ထားပြီး ကိုယ်ထိလက်ရောက် ရိုက်နှက်တာတွေ ပါရှိတယ်လို့ ဒီအထဲက မြန်မာအလုပ်သမတဦးက RFA ကိုပြောပြပါတယ်။

မြန်မာအလုပ်သမတွေ အနေနဲ့ အလုပ်ရှင်က ဒီလို ဖိနှိပ်ဆက်ဆံနေတာတွေ ပတ်သက်ပြီး အရေးယူ ဖြေရှင်းပေမဲ့သူ မရှိတဲ့အတွက် ကွာလာလမ်ပူမြို့ အခြေစိုက် မြန်မာ အဖွဲ့အစည်းတွေကို ဆက်သွယ် အကူအညီတောင်းပြီး အခုအခါမှာ နစ်နာမှုတွေအတွက် သက်ဆိုင်ရာကို တိုင်ကြားဖို့ ပြင်နေတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှာ အလုပ်အကိုင် ရှားပါးမှုနဲ့ ပြည်ပနိုင်ငံတွေကို အလုပ်အကိုင်ရှာဖွေဖို့ ထွက်ခွာနေကြရာမှာ ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်း မလေးရှားနိုင်ငံဟာ မြန်မာအလုပ်သမား အများဆုံး လာရောက်တဲ့ နိုင်ငံတခုဖြစ်ပါတယ်။

ကမ္ဘာ့စီးပွားရေးပျက်ကပ် ဂယက်ကြောင့် မလေးရှားမှာ တရားဝင် နိုင်ငံခြားသား အလုပ်သမား လျှော့ချတာတွေ ရှိနေတဲ့အပြင် ဒီလို အလုပ်အကိုင်ရှားပါးမှု ပြဿနာကို အခွင့်ကောင်းယူပြီး အလုပ်သမား အခွင့်အရေးတွေကို ချိုးဖောက်နေတဲ့ အလုပ်ရှင်တွေလည်း အများကြီးရှိတယ်လို့ ကိုရဲမင်းထွန်းက ပြောပါတယ်။

ဒီအကြောင်းကို ဦးကျော်မင်းထွန်းက မြန်မာ အလုပ်သမတဦးနဲ့ ဆက်သွယ် မေးမြန်းထားပါတယ်။

အသံဖိုင်နားထောင်ရန် ဒီမှာ နှိပ်ပါ

RFA မှကူယူမျှဝေပါသည်။

0 ယောက်ရဲ့ထင်မြင်ချက်: