1/09/2009

ကွာလာလမ်ပူတွင် မြန်မာလုပ်သား ၁၀၀ ခန့် ဖမ်းဆီးခံရ

ကိုဝိုင်း
ကြာသပတေးနေ့၊ ဇန်နဝါရီလ 08 2009


ရားမ၀င် နိုင်ငံခြားသားများ နှိမ်နင်းရေးတခု မြို့တော် ကွာလာလမ်ပူတွင် မလေးရှားရဲက ယမန်နေ့က ပြုလုပ်ရာ မြန်မာလုပ်သား ၁၀၀ ကျော် အဖမ်းခံလိုက်ရသည်။

ရဲ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ရေလာ ခေါ် အရပ်သား လက်နက်ကိုင် အဖွဲ့တို့ ပူးပေါင်းပြီး နံနက် ၁၀ နာရီခွဲခန့်က အချုပ်ကား ၇ စီးခန့်နှင့်အတူ လာရောက်၍ ၀ိုင်းဝန်း ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

"အဲဒီအချိန်က လူတွေက ဈေးထဲမှာ အလုပ်ဆင်းနေကြတယ်လေ။ ကျနော့်အိမ်က ဈေးရဲ့ နောက်ကျောဆိုတော့ လှမ်းကြည့်တော့ လူတွေက ပြေးနေတယ်။ အဲဒါနဲ့ အရှေ့ဘက်လှမ်းကြည့်တော့ ရဲကားတွေရော၊ ရေလာကားတွေရော၊ သံဇကာနဲ့ ကားတွေရော၊ ၇ စီး လောက်ရှိမယ်။ လူတင်တဲ့ ကားကြီးတွေ။ လူကြီးတွေ၊ ကလေးငယ်တွေ ပါသွားတယ်" ဟု ဈေးအနီး နေထိုင်သူ မြန်မာအလုပ်သမားတဦးက မဇ္ဈိမကို ပြောသည်။

လူဝင်မှု ကြီးကြပ်ရေးအဖွဲ့ (လဝက) က နိုင်ငံကူးလက်မှတ်နှင့် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး - UNHCR က ဒုက္ခသည်အဖြစ် အသိအမှတ်ပြုသည့် လက်မှတ် ကိုင်ဆောင်ထားသူများကို စိစစ်ပြီးနောက် အထောက်အထား လက်မှတ် မပြနိုင်သူများကို ဖမ်းသွားခြင်း ဖြစ်သည်။

ဆာလာရန်းဈေးကြီးတွင် မကြာခဏဆိုသလို ယခုလိုပင် လာဖမ်းလေ့ရှိသော်လည်း မြန်မာနိုင်ငံသား အလုပ်သမားများမှာ လျော့သွားခြင်းမရှိဘဲ တိုး၍သာ လာနေသည်။

မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသား အရေအတွက်နှင့် ပတ်သက်၍ အတိအကျသိရန် ခဲယဉ်းနေသော်လည်း အလုပ်ရှာဖွေရေး ဌာနများ၊ ပွဲစားများမှတဆင့် တရားဝင် အလုပ်လုပ်နေသည့် မြန်မာနိုင်ငံသား ၅ သိန်းခန့်ရှိကြောင်း မလေးရှားရှိ မြန်မာလုပ်သားအရေး ဆောင်ရွက်နေသူများက ပြောဆိုသည်။

မလေးရှား၏ စီးပွားရေး ကျဆင်းလာမှု၊ အလုပ်လက်မဲ့ဦးရေ တိုးပွားလာမှုနှင့် ဆက်စပ်ပြီး ယခုအခါ ကွာလာလမ်ပူမြို့ နေရာအနှံ့တွင် တရားမ၀င် နိုင်ငံခြားသားလုပ်သား ဖမ်းဆီးမှုကို ယခင်ကထက် အာရုံစိုက် လုပ်ကိုင်နေကြောင်း မြန်မာစစ်အစိုးရ အတိုက်အခံ အဖွဲ့တခုဖြစ်သော ဘားမားကန်ပိန်း (မလေးရှားဌာနခွဲ) မှ တာဝန်ရှိသူ ကိုဝင်းထွန်းညွန့်က ပြောသည်။

ထိုင်း၊ စင်္ကာပူ၊ တရုတ်၊ သြစတြေးလျား စသည့် နိုင်ငံများမှလာသည့် နိုင်ငံခြားပစ္စည်းများကို လက်ကားပြန်ဖြန့်သည့် ဆာလာရန်းဈေးကြီး၌ မြန်မာနိုင်ငံသား အလုပ်သမား တထောင်ကျော်ရှိသည်။

သူတို့သည် ကုန်တင်ကုန်ချ၊ ဈေးရောင်း၊ အကြိုအပို့၊ ပစ္စည်းထုတ်ပိုးခြင်း စသည့်လုပ်ငန်းများ လုပ်ကိုင်နေကြသည်။

မဇ္ဈိမ မှကူးယူမျှဝေးပါသည်။

မိုးသွေးငယ်


0 ယောက်ရဲ့ထင်မြင်ချက်: