အင်ဒိုရောက် မြန်မာနိုင်ငံသားများကိစ္စ စစ်ဆေးမှုပြုနေဆဲ
နန်းဒေ၀ီသောကြာနေ့၊ ဇန်နဝါရီလ 09 2009
အင်ဒိုနီးရှားနိုင်ငံ အာချေးခရိုင် ဆဘန်ကမ်းလွန်တွင် ဖမ်းမိသော မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် ၁၉၃ ယောက်ကိစ္စအတွက် ဆက်လက် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေဆဲ ဖြစ်ကြောင်း အင်ဒိုနီးရှားအစိုးရက ပြောသည်။
အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Teuku Faizasyah က မဇ္ဈိမသို့ ပြောကြားရာတွင် " ၁၉၃ ယောက်အနက်က ဘင်္ဂလားဒေ့ရှ်က ၁၇ ယေက်ပဲပါတယ်။ ကျန်တာတွေက မြန်မာနိုင်ငံသားတွေချည်းပဲ၊ အခုထက်ထိတော့ သူတို့အားလုံး ဆဘန်ကျွန်းမှာပဲ ရှိသေးတယ်" ဟု ဆိုသည်။
အာဏာပိုင်များအနေဖြင့် စုံစမ်းစစ်ဆေးမှုများ ဆက်လက်လုပ်နေပြီး ကျွန်းနေဒေသခံများက အစားအသောက်နှင့် ခိုလှုံရာနေရာပေးထားသည်ဟု ပြောသည်။
"သူတို့မှာ အဟာရချို့တဲ့တာတွေ ဖြစ်နေတယ်။ ဒေသခံတွေနဲ့ အာဏာပိုင်တွေကတော့ အစားအသောက်တွေ၊ ရေတွေ ပေးထားပါတယ်" ဟု ပြောဆိုခွင့်ရှိသူက ထပ်ပြောသည်။
မြန်မာနိုင်ငံ အနောက်ဘက်ခြမ်းမှ လူနည်းစု ရိုဟင်ဂျာများနှင့် နှင့် ဘင်္ဂလားဒေ့ရှ်များသည် စက်လှေတစီးဖြင့် အာချေးခရိုင် ဆဘန်ကမ်းရိုးတန်းသို့ ဗုဒ္ဓဟူးနေ့က ရောက်ရှိလာခဲ့ကြသည်။ သတင်းများအရ ၈၀ ခန့်မှာ နေမကောင်းဖြစ်၍ ဆေးရုံတင်ထားရသည်ဟုဆိုသည်။
အစိုးရအရာရှိက ပြောကြားရာတွင် လှေဖြင့် ရောက်လာသူများမှာ အင်္ဂလိပ်စကားရော၊ အင်ဒိုနီးရှားလိုပါ မတတ်ကြသဖြင့် အာဏာပိုင်များအနေဖြင့် ရောက်လာသူများနှင့်ပတ်သက်၍ ပြည့်ပြည့်စုံစုံမသိနိုင်သေးဘဲ အခက်တွေ့နေသည်ဟု ဆိုသည်။
"နောက်တပတ်ဆိုရင်တော့ သိကောင်း သိရလာနိုင်ပါတယ်။ အဲဒါကနေ ဘာလုပ်ရမယ်ဆိုတာကို ဆုံးဖြတ်တာပေါ့" ဟု နိုင်ငံခြားရေးအရာရှိက ပြောသည်။
သတင်းများအရ မြန်မာနိုင်ငံသားများနှင့် ဘင်္ဂလားဒေ့ရှ်သားတို့သည် မလေးရှားသို့ အလုပ်ရှာရန် ကြိုးစားသွားခဲ့ခြင်းဖြစ်ပေမယ့် အင်ဒိုနီးရှားဘက် လှေက ရောက်သွားခြင်းဖြစ်သည်။
ဒီဇင်ဘာ အစောပိုင်းက မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်သား ၁၀၀ ကျော်တို့သည် မလေးရှားသို့အလုပ်ရှာရန် စက်လှေဖြင့် သွားရာ အန်ဒမန်နှင့် နီကိုဘာကျွန်းအနီး စက်လှေပျက်နေသဖြင့် အိန္ဒိယကမ်းခြေစောင့်တပ်များက ကယ်တင်ခဲ့ရသည်။
မသေမပျောက်အသက်ရှင်ကျန်နေသူများက ပြောကြားရာတွင် ၄၀၀ နီးပါးသော သူတို့သည် ဘင်္ဂလားဒေ့ရှ်ကနေ စတင်ခရီးထွက်လာခြင်းဖြစ်သည်ဟု ဆိုသည်။
မဇ္ဈိမ မှကူးယူမျှဝေပါသည်။
0 ယောက်ရဲ့ထင်မြင်ချက်:
Post a Comment