6/15/2012

7 July ရွှေရတု နာယက သံဃာ ၂၀၊ လူ ၂၀ လျာထားပြီး

နယူးဒေလီ (မဇ္ဈိမ) | ဇူလိုင် ၇ ရက် အရေးတော်ပုံ ရွှေရတု အခမ်းအနား ကျင်းပရေးအတွက် ဦးစီးနာယကများ လျာထားပြီးစီးပြီ ဖြစ်ကြောင်း သိရသည်။

၁၉၆၂ ခုနှစ်က ကျောင်းသားသမဂ္ဂ အဆောက်အဦး ဖြိုချ ဖျက်ဆီးခံရခြင်း နှစ် ၅၀ ပြည့် အခမ်းအနား ဖြစ်မြောက်ရေး အတွက် ဆပ်ကော်မတီများ ညှိနှိုင်းအစည်းအဝေးကို မန္တလေးမြို့၊ ဘုရားကြီး အလယ်တိုက်တွင် ကြာသပတေးနေ့ မနက်က ပြုလုပ်ခဲ့သည်။

ထိုအစည်းအဝေးမှ ပဏာမရွေးချယ်မှုအဖြစ် သံဃာတော် အပါး ၂၀ ကျော်၊ လူပုဂ္ဂိုလ် ၂၀ ကျော် ရွေးချယ်ထားခြင်းဖြစ်ကြောင်း ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် (အထက်ဗမာပြည်) သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ကိုရဲရင့်ကျော် က ပြောသည်။


pakatha
7 July ရွှေရတု အခမ်းအနား ဖြစ်မြောက်ရေးအတွက် ဆပ်ကော်မတီများ ညှိနှိုင်းအစည်းအဝေးကို ဗကသများ အဖွဲ့ချုပ် (အထက်ဗမာပြည်)မှ ဦးဆောင်၍ မန္တလေးမြို့၊ ဘုရားကြီး အလယ်တိုက်တွင် ၂၀၁၂ ခုနှစ်၊ ဇွန်လ ၁၄ ရက်နေ့က ပြုလုပ်နေကြစဉ်။ (ဓါတ်ပုံ - မဇ္ဈိမ)

“ဒီနေ့ အစည်းအဝေးကနေမှ နာယက၊ သြဝါဒ ဆရာတော်ရွေးတယ်။ အကြံပေးအဖွဲ့ ရွေးတယ်။ နောက်ရက်တွေကျမှရွေးချယ်ခံရတဲ့ ဆရာတော်တွေ၊ လူပုဂ္ဂိုလ်တွေကို လက်ခံနိုင်/မနိုင် လိုက်လံ အကြောင်းကြားပါမယ်။ အဲဒီ အတည်ပြု စာရင်းကို လာမယ့် ၂၀ ရက်နေ့ သတင်းစာ ရှင်းလင်းပွဲမှာ ထုတ်ပြန်ပါမယ်” ဟု မဇ္ဈိမကို ပြောသည်။

ဆရာကြီးဒဂုန်တာရာ၏ အားပေးထောက်ခံမှုကို ရရှိထားပြီး နဂိုကတည်းက နာယကအဖြစ် လက်ခံ သဘောတူထားပြီး ဖြစ်သည်ဟု သိရသည်။

“Press Conference ကို ကျင်းပဖို့ စာတင်ထားတာက ၈၄ လမ်း၊ ၃၁ လမ်းထောင့်က ခန်းမကြီး ဓမ္မသာလ ဟောခန်း မှာပါ။ ချမပေးရင်တော့ ဆရာတော်တွေ စီစဉ်ပေးတဲ့ ကျောင်းတိုက်မှာ ကျင်းပပါမယ်” ဟု ကိုရဲရင့်ကျော် က ဆိုသည်။

လျာထား ရွေးချယ်ခံရသူများမှာ ၆၂ မျိုးဆက် ကျောင်းသားများ၊ ရှေ့နေများ၊ ဆရာဝန်များ၊ စာရေးဆရာများဖြစ်ပြီး အများစုမှာ နာယက အဖြစ် လက်ခံသဘောတူမည့်သူများ ဖြစ်သည်ဟု ဆိုသည်။

ဇူလိုင် ၇ ရက် ရွှေရတု အခမ်းအနား ကျင်းပရေးအတွက် ဆပ်ကော်မတီများအဖြစ် သတင်းနှင့်ပြန်ကြားရေး၊ ဘဏ္ဍာရှာကြံရေးနဲ့ စီမံခန့်ခွဲရေး၊ ကျွေးမွေးဧည့်ခံ၊ အထိမ်းအမှတ် မဂ္ဂဇင်းထုတ်ဝေရေး၊ ပြင်ပဆက်သွယ်ရေးနဲ့ စည်းရုံးရေး၊ အခမ်းအနား ပြင်ဆင်ရေး ဟူ၍ ဆပ်ကော်မတီ ခြောက်ခု ဖွဲ့စည်းထားကြောင်း သိရသည်။

ဇွန် ၁၃ ရက်နေ့က ဗန်းမော်မြို့ကွန်ပြူတာ တက္ကသိုလ် ကျောင်းသား နှစ်ဦးအား ကျောင်းစည်းကမ်း ဖောက်ဖျက်သည် ဟု စွပ်စွဲကာ ရာသက်ပန် ကျောင်းထုတ်ခြင်းနှင့် ပါတ်သက်ပြီး ဗကသ များအဖွဲ့ချုပ် (အထက်ဗမာပြည်)မှ ကန့်ကွက်စာ ထုတ်မည်ဟု ကိုရဲရင့်ကျော် က ပြောဆိုသွားသည်။

ဗကသ များအဖွဲ့ချုပ် ပြန်လည် ပေါ်ပေါက်ရေး ကြိုးပမ်းနေကြသည့် ကျောင်းသား ခေါင်းဆောင်များအား အရေးယူ နိုင်ကြောင်း ရန်ကုန်တိုင်း အထွေထွေ အုပ်ချုပ်ရေးမှူးက  ဇွန်လ ၆ ရက်နေ့က ခေါ်ယူ သတိပေးထားသည်။

source by : http://www.mizzimaburmese.com

0 ယောက်ရဲ့ထင်မြင်ချက်: