ရှေ့တန်းစစ်မျက်နှာအတွက် UWSA အထူးတပ်မဟာတခု တိုးချဲ့ဖွဲ့စည်း
“အရင်တုန်းက ကျနော်တို့ မြောက်ပိုင်း ဝ နယ်မှာ တပ်မဟာ ၃ ခု ရှိတယ်။ စစ်ရေး တင်းမာမှု တွေဖြစ်ပြီးနောက်ပိုင်း အရေးကြီးတဲ့ နယ်ခြားမျဉ်းတလျှောက် အထူးတိုက်ခိုက်ရေးအတွက် တပ်မဟာသစ်တခု ထပ်မံတိုးချဲ့ဖွဲ့စည်းထား ရတာဖြစ်တယ်” - ဟု ယခု ရက်ပိုင်း မိုင်းမော UWSP ပါတီညီလာခံ တက်ရောက်သူ ဝ တပ်မှူးတဦး ကပြောပါ သည်။
မြောက်ပိုင်း ဝ နယ်၌ ရှိရင်းစွဲတပ်မဟာ ၃ ခုအပြင် ထပ်မံတိုးချဲ့ဖွဲ့စည်းသည့် တပ်မဟာ ၆၁၈ သည် အထူးရှေ့ တန်းစစ်မျက်နှာ ဖြစ်သည့် မန်းဆိုင် နှင့် နောင်ခစ်မြို့နယ် ဒေသတွင် ထိန်းချုပ်တာဝန်ယူရကြောင်း၊တပ်မဟာ ၆၁၈ တပ်မဟာမှူးမှာ ပေါက်ဆမ်ရိုင်း ဖြစ်ကြောင်း၊ နအဖ ထိန်း ချုပ်နယ်မြေ (သံလွင်အနောက် ခြမ်း)တန့်ယန်းမြို့နယ်နှင့် မျက်နှာခြင်းဆိုင်ဖြစ်ကြောင်း၊ (သံလွင်အရှေ့ခြမ်း) တာ့ကောင်းအက်တံတားအလွန် နအဖ၏ အကြီးဆုံးခံတပ် လွယ်ပန်လုံတ၀ိုက်ဖြစ်ကြောင်း၊ ထိုခံတပ်နှင့်အပြိုင် အရေးကြီးဆုံးရှေ့ပြေး လွယ်ပန်ဇုံ ဝ ခံတပ်ကို ဤ တိုးချဲ့ဖွဲ့စည်း လိုက်သည့် တပ်မဟာသစ် ၆၁၈ က တာဝန်ယူရကြောင်း ဆိုပါသည်။
“ဒီညီလာခံကနေ ဆုံးဖြတ်ပြီး ဖွဲ့စည်းတာ မဟုတ်ဘူး၊ စက်တင်ဘာလ ကတည်းက ထပ်တိုးချဲ့ ဖွဲ့စည်းလိုက်တာ၊ စစ်ရေးတာဝန်ယူ လာတာ ၃ လလောက်ရှိပါပြီ” - ဟု ဆက်၍ ပြောပြပါသည်။
လက်ရှိ ဝ ပြည်သွေးစည်းညီညွှတ်ရေးတပ်မတော်တွင် တပ်မဟာ ၉ ခု ရှိကြောင်း၊ တောင်ပိုင်း ဝ နယ် ၅ ခု၊ မြောက်ပိုင်း ဝ နယ် ၄ ခု၊ တပ်မဟာတခုလျှင် အင်အား ၂၅၀၀ မှ ၃၂၀၀ အထိရှိကြောင်း၊ ထို့အပြင် ပြည်သူ့စစ် တပ်မဟာလည်းရှိသေးကြောင်း ပန်ဆန်း ဌာနချုပ် ၀ အရှိကြီးတဦးက ယခုကဲ့သို့ပြောပါသည်။
“မိုင်းမောမှာပြည်သူ့ စစ်တပ်မဟာ ၉၁၆ ရှိတယ်၊လက်အောက်ခံတပ်ရင်းက ၁၁ ရင်း၊ ၀ိန်းကောဝ်မြို့နယ် တပ်မဟာ ၉၁၇ အောက် မှာ ၅ တပ်ရင်း၊ မိုင်းပေါက်က ၉၁၈ က ၅ ရင်း၊ နောက်ပြီး တောင်ပိုင်း ဝ နယ် မိုင်းယွန်း မှာ လဲရှိသေးတယ်၊ အဲဒါတွေက မိမိရပ် ရွာကိုကာကွယ်တဲ့ ဒေသခံ လူထုတပ်ဖွဲ့တွေဘဲ”
ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်၏ မြောက်ပိုင်း ဝ နယ်တွင် တပ်မဟာ ၃၁၈ ၊ တပ်မဟာ ၄၁၈ ၊ တပ်မဟာ ၄၆၈ မိုင်းပေါက်နှင့် တိုးချဲ့တပ်မဟာသစ် ၆၁၈ အပြင် တောင်ပိုင်း ဝ နယ် အမှတ် ၁၇၁ စစ်ဒေသတွင်မူ တပ်မဟာ ၇၇၂၊ ၇၇၅၊ ၇၇၈၊ ၅၁၈ နှင့် ၂၁၈ တို့ ဖြစ်ကြသည်။
source by : http://www.mongloi.org
0 ယောက်ရဲ့ထင်မြင်ချက်:
Post a Comment