12/24/2010

၂၂ နှစ်ပြည့် ဝ ပြည်သွေးစည်းညီညွှတ်ရေးပါတီ နိုင်ငံရေးမူသစ်အချို့ ချမှတ်

ဒီဇင်ဘာ ၂၀ ရက်မှ ၂၉ ရက်နေ့အထိ ၁၀ ရက်ကြာ ကျင်းပမည့် ဝ ပြည်သွေးစည်း ညီညွှတ်ရေးပါတီ ခရိုင်အဆင့် ညီလာခံတွင် အသစ်တက်လာမည့် နိုင်ငံတော်အစိုးရနှင့် ညှိနှိုင်းတိုင်ပင်ရေး ကမ်းလှမ်းချက် အပါအ၀င် မူဝါဒအချို့ထပ်မံ ချမှတ်ကြောင်း စုံစမ်း သိရှိရပါသည်။

UWSP ဝ ပြည်သွေးစည်းရေးပါတီ ဒီမိုကရေစီ ရွေးကောက်ပွဲ တက်ရောက်သူ ရှောက်မင်လျဲန်(တတိယမြောက် ပုဂ္ဂိုလ်)

“ပြီးခဲ့တဲ့ ၂၀ ရက်နေ့က ကျနော်တို့ ပါတီရဲ့ ၂၂ နှစ်ပြည့် မွေးနေ့လေ၊ ဆွေးနွေးရမယ့်ဟာတွေတော့ အများကြီးပေါ့။ အဓိက ဆွေးနွေးဖြစ်တာကတော့ နောင်လာမယ့် ပြည်ထောင်စု မြန်မာနိုင်ငံအစိုးရသစ်နဲ့ ဆွေးနွေးဖို့ ကမ်းလှမ်းထားတဲ့ အချက်တွေပါတယ်”- ဟု ညီလာခံ တက်ရောက်သူ ဝ အရာရှိတဦးက ပြောပြပါသည်။

ဝ ပြည်သွေးစည်းညီညွှတ်ရေးပါတီ မိုင်းမောခရိုင် ညီလာခံတွင် ဝ ပြည်နယ်အစိုးရ ဒုသမတနှင့် UWSP ဒု အတွင်းရေးမှူး ရှောက်မင်လျဲန် က အဓိက ၆ချက် မိန့်ခွန်းချွေခဲ့ကြောင်း၊ နောင်တက်လာမည့် အစိုးရသစ်နှင့် လက်ရှိစစ်အစိုးရတို့အကြား ကွာခြားမှုမှာ ယူနီဖောင်း ၀တ်စုံသာဖြစ်ကြောင်း၊ သို့သော် အစိုးရသစ်နှင့် ဆွေးနွေးရန် ဆက်ဆံရေးကော်မတီ စေလွှတ်လိုကြောင်း၊မိမိတို့ UWSP/UWSA သည် ပြည်တွင်းစစ်ကို ဆန့်ကျင်ပြီး ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးရေး အတွက် အခြေခံရပ်တည်ကြောင်း၊ ငြိမ်းချမ်းရေး မပျက်ပြားရန် အထူး ထိန်းသိမ်း စောင့်ရှောက်သွားမည်ဖြစ်ပြီး၊ ဖွံ့ဖြိုး တိုးတက်ရေးအတွက် တစိုက်မတ်မတ် ကြိုးစား သွားမည် ဖြစ်ကြောင်း တင်ပြခဲ့သည်ဟုဆို၏။

“ကျနော်တို့ ဝ ပြည် သွေးစည်းညီညွှတ်ရေးပါတီမှာ ပါတီဝင် ၇၅၀၀ ရှိတယ်၊ ပါတီ အထွေထွေအတွင်းရေးမှူးက ဦးပေါက်ယူချမ်း၊ ဒု အတွင်းရေးမှူးက ရှောက်မင်လျဲန်၊ နိုင်ငံရေး အတိုင်အပင်ခံကွန်ကရက် ဥက္ကဌ က ဗိုလ်လာခမ်း” - ဟု ညီလာခံတက်ရောက်သူ ပန်ဆန်းမှ အရာရှိတဦးက ပြောပါသည်။

UWSP မဲပေးနေပုံ

ယနေ့ ဒီဇင်ဘာ ၂၃ ရက် ညီလာခံ တက်ရောက်သူများက ဒီမိုကရေစီနည်းဖြင့် နောင်လာမည့် ၅ နှစ်သက်တမ်းအတွက် ခရိုင်ပါတီကော်မတီဝင်များ ရွေးကောက် တင်မြောက်သွားမည်ဟုလည်း ပြောပါ သည်။ အနယ်နယ်အရပ်ရပ်မှ အရပ်ဖက်၊ စစ်ဖက်ပါတီဝင် ၂၅၀၀ ခန့် တက်ရောက်ပြီး တောင်ပိုင်းဝနယ်(၁၇၁ စစ်ဒေသ) ကိုယ်စား-ပါတီဒုအတွင်းရေးမှူး ၂ (ပေါက်ယူချမ်း၏အစ်ကို) ပေါက်ယိုရီး UWSA ဒု စစ်ဦးစီးချုပ် တာ့အိုက်လွန်းနှင့် (ပေါက် ယူချမ်း၏တူ) တပ်မဟာ ၃၁၈ တပ်မဟာမှူး ပေါက်အိုက်ရုန့် တို့လည်း တက်ရောက်ကြ၏။


ဝ ပြည်သွေးစည်းညီညွှတ်ရေးပါတီ UWSP သည် နအဖစစ်အုပ်စု ပြီးလျှင် (အင်အား သောင်းချီရှိ) ဒုတိယအင်အား အကြီးဆုံး ဝ ပြည် သွေးစည်းညီညွှတ်ရေး တပ်မတော် UWSA ကို ဦးဆောင် ဦးရွက်ပြုနေသည့် ပါတီဖြစ်သည်။

source by : http://www.mongloi.org

0 ယောက်ရဲ့ထင်မြင်ချက်: