8/27/2010

ရွေးကောက်ပွဲကို ကျောခိုင်းရန် လိုအပ်ဟု ဦးဝင်းတင် ပြောကြား

NEJ | ၂၀၁၀ ရွေးကောက်ပွဲ အပေါ်တွင် ပြည့်စုံသည့် တုံ့ပြန်မှု ဖြစ်စေရန် အတွက် ရွေးကောက်ပွဲကို သပိတ် မှောက်ရန် လိုအပ်ကြောင်း အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်တဦးဖြစ်သူ ဦးဝင်းတင်က ပြောကြားသည်။

“ပြည့်စုံတဲ့ တုံ့ပြန်မှုဆိုတာ ဒီရွေးကောက်ပွဲက မတရားဘူး။ ဒီရွေးကောက်ပွဲ သွားမယ့် လမ်းခရီးကလည်း မှားနေတဲ့ ဟာဆို ကျနော် တို့လိုပဲ သပိတ်မှောက်ပေါ့။ ရွေးကောက်ပွဲကို သပိတ်မှောက်ရမယ်” ဟု ၎င်းက ပြောသည်။

နအဖကောင်စီက ထုတ်ပြန်သည့် ရွေးကောက်ပွဲဥပဒေများသည် တရားမျှတမှုမရှိသောကြောင့် အန်အယ်လ်ဒီပါတီက ယခုနှစ် မတ်လ (၂၉) ရက်နေ့တွင် ပါတီအနေဖြင့် မှတ်ပုံတင်မည်မဟုတ်ကြောင်း ဆုံးဖြတ်ခဲ့ပြီး လာမည့် နိုဝင်ဘာ (၇) ရက်တွင် ကျင်းပမည့် ရွေးကောက်ပွဲကို သပိတ်မှောက်ကြောင်း ဆုံးဖြတ်ချက်ကို သြဂုတ် (၁၉) ရက်တွင် တရားဝင်ထုတ်ဖော်ကြေညာခဲ့သည်။

“ဒီရွေးကောက်ပွဲဟာ ၂၀၀၈ အခြေခံဥပဒေကိုသွားမယ်။ ဒီဥပဒေဟာ တရားမဲ့တဲ့ ဥပဒေကြီး၊ စစ်အစိုးရ စစ်အာဏာရှင်တွေ အာဏာတည်မြဲဖို့ အသက်သွင်းမယ့် အခြေခံဥပဒေဖြစ်တယ်။ ဒီရွေးကောက်ပွဲက ဒီအခြေခံဥပဒေကို အကောင်အထည်ဖော်မှာမို့ ကျနော်တို့ကန့်ကွက်တယ်။ တရားမျှတခြင်း နိုင်ငံရေးအခြေအနေ ပြည့်စုံတာ ဘာမှမရှိတဲ့အတွက် ကျနော်တို့ကန့်ကွက်တယ်။ ဒါဆို ကျနော်တို့ပါတီက မှတ်ပုံလည်းမတင်ဘူး၊ ရွေးကောက်ပွဲလည်း မ၀င်ဘူးဆုံးဖြတ်တယ်” ဟု ဦးဝင်းတင်က ပြောသည်။

သို့သော် ရွေးကောက်ပွဲကို သပိတ်မှောက်ရာတွင် အပြည့်အစုံမျှော်လင့်၍ မရနိုင်ကြောင်း ဦးဝင်းတင်က ပြောဆိုသည်။

“အပြည့်အစုံမျှော်လင့်ပြီး ပြောနေတာ မဟုတ်ဘူး။ ဘာလို့လဲဆိုတော့ လူထုက ဘယ်ပါနိုင်မလဲ။ ပါနိုင်မှဖြင့် ၁၉၉၀ ရွေးကောက်ပွဲကတည်းက၊ အာဏာမလွှဲဘူးဆိုကတည်းက လူထုက အုံကြွပြီးတော့ ပါလာမှာပေါ့။ မပါဘူးဆိုတာ ကျနော်တို့ သဘောပေါက်ပါတယ်။ မပါဝံ့ဘူး၊ မပါနိုင်ဘူး၊ ပါနိုင်တဲ့အခြေအနေ မရှိဘူး။ ပါနိုင်တဲ့အခြေအနေမျိုး ဖြစ်အောင်လည်း စစ်အစိုးရက ခွင့်မပေးဘူးဆိုတာ ကျနော်တို့သိတယ်။ သို့သော် ဘာပဲပြောပြော ကျနော်တို့က ရုန်းကန်မှုအနေနဲ့၊ ဆန့်ကျင်မှုအနေနဲ့၊ တုံ့ပြန်မှုအနေနဲ့ကတော့ ရှိမယ်လို့ ကျနော်တို့ ယူဆတယ်” ဟု ၎င်းက ပြောသည်။

ယနေ့အခြေအနေမှာ လူထုအနေဖြင့် စစ်အစိုးရအား ဆန့်ကျင်မြဲဆန့်ကျင်နေသော်လည်း လုံလောက်သည့် တုံ့ပြန်မှုမရှိသည့်အတွက်၊ မလုပ်နိုင်သည့်အတွက် စစ်အစိုးရ ဆက်လက်ရှိနေဦးမည်ဖြစ်ကြောင်း၊ သို့သော် အန်အယ်လ်ဒီက ဆက်လက် ရုန်းကန်ကန့်ကွက် ဆန့်ကျင်နေမည်ဖြစ်ပြီး လူထုအနေဖြင့် ပံ့ပိုးနိုင်သမျှ ပံ့ပိုးမည်ဟု ယုံကြည်ကြောင်း ဦးဝင်းတင်က ပြောသည်။

၎င်းက ဆက်လက်ပြီး “ဒီရွေးကောက်ပွဲမှာလည်း ပြည့်စုံတဲ့ အနေအထားရှိမှာမဟုတ်ဘူး။ သို့သော် အဲဒါ နောက်ဆုံးမှာ အကျိုးသက်ရောက်မှုက ဘာလည်းဆိုတော့ အနည်းဆုံး ဒီရွေးကောက်ပွဲကြီးဟာ မတရားဘူး။ နိုင်ငံရေးအပြောင်းအလဲကို စစ်အစိုးရပဲ ဆက်လက်စီးထားမယ်၊ စစ်အစိုးရရဲ့လက်ကိုင်တုတ်ပါတီ ကြံ့ဖွံ့လိုဟာမျိုးကပဲ စီးမယ်ဆိုတာမျိုးတွေ ဖော်ပြနိုင်ရင် ကမ္ဘာကနေ စစ်အစိုးရအပေါ်မှာ ဖိစီးမှုတွေ ပိုပြီးတော့ များသထက် များလာမယ်လို့ ယူဆတယ်။ ဒီလိုဖြစ်တာဟာ တထစ်တရစ်တော့ တိုးသွားခြင်းဖြစ်တယ်လို့ ယူဆတယ်” ဟု ပြောကြားသည်။

ယမန်နေ့ကမူ ဒေါ်အောင်ဆန်းစုကြည်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ကို မဲပေးလိုသည့် ပြည်သူလူထုအနေဖြင့် လာမည့် ၂၀၁၀ ရွေးကောက်ပွဲတွင် အန်အယ်လ်ဒီ မပါဝင်သဖြင့် မဲမပေးကြရန်သာရှိကြောင်း ၎င်း၏အကျိုးဆောင်ရှေ့နေ အန်အယ်လ်ဒီဗဟိုအလုပ်အမှုဆောင်တဦးဖြစ်သူ ဦးဉာဏ်ဝင်းမှတဆင့် ပြောကြားခဲ့သည်။

လာမည့်ရွေးကောက်ပွဲတွင် အန်အယ်လ်ဒီ မပါသည့်အတွက် မည်သည့်ပါတီကို မဲပေးရန် မသိရှိတော့ကြောင်း ပြည်သူများ၏ ပြောဆိုချက်အပေါ် ဒေါ်အောင်ဆန်းစုကြည်က ဖြေကြားလိုက်ခြင်းဖြစ်သည်။

ယင်းသို့ ဒေါ်အောင်ဆန်းစုကြည်၏ ပြောကြားချက်သည် မှန်ကန်ကြောင်း ဦးဝင်းတင်က ထောက်ခံပြောဆိုသည်။

၎င်းက “ဒေါ်စုရဲ့ ပြောဆိုချက်ဟာ အမှန်ဆုံးပဲ။ ဒေါ်စုရဲ့သဘောထားနဲ့ ကျနော်တို့ အန်အယ်လ်ဒီရဲ့သဘောထားဟာ တထပ်တည်းကျတယ်လို့ပဲ ကျနော်တို့ ယူဆတယ်။ အန်အယ်လ်ဒီကို ထောက်ခံချင်တယ်၊ မဲပေးချင်ကြတယ်။ အန်အယ်လ်ဒီ မရှိတဲ့အခါကျတော့ ဘယ်သူ့မဲပေးရမှန်းမသိဘူး၊ ဘာလုပ်ရမှန်းမသိဘူး၊ မျက်စိသူငယ်ဖြစ်နေတယ်ဆိုရင် အန်အယ်လ်ဒီမှ မရှိတာ မပေးနဲ့ပေါ့။ အန်အယ်လ်ဒီ လုပ်သလိုလုပ်ပေါ့။ အန်အယ်လ်ဒီကနေ ရွေးကောက်ပွဲ ကျောခိုင်းထားရင် လူထုကလည်း ရွေးကောက်ပွဲကို ကျောခိုင်းရမှာပဲ။ အဲတော့ ဒေါ်စုရဲ့သဘောထားကို ကျနော်တို့ လုံးဝထောက်ခံတယ်။ ထောက်ခံရုံတင်မဟုတ်ဘူး။ ဒီသဘောထားမျိုးဟာလည်း အန်အယ်လ်ဒီမှာ အောက်ခြေအထိ ရှိပါတယ်” ဟု ပြောသည်။

စစ်အစိုးရပြုလုပ်မည့် ရွေးကောက်ပွဲ မတရားမှန်း နိုင်ငံရေးသမားတိုင်း သိနိုင်သည့်အခြေအနေတွင် ရွေးကောက်ပွဲဝင်ရန် မှတ်ပုံတင်သူအချို့ ပါတီမှနုတ်ထွက်ခြင်း၊ ရွေးကောက်ပွဲတွင် မပါဝင်တော့ခြင်းတို့မှာလည်း ပြည့်စုံသည့် တုံ့ပြန်မှုမျိုး မဟုတ်ကြောင်း ဦးဝင်းတင်က ပြောဆိုသည်။

“အခု ဥက္ကဋ္ဌတွေ ထွက်ကြတယ်။ ရွေးကောက်ပွဲ ၀င်မယ် မ၀င်ဘူး ဆိုတာတွေဟာ လုံလောက်တဲ့ စစ်အစိုးရအပေါ် တုံ့ပြန်ခြင်းမျိုးမဟုတ်ဘူး။ ပြည့်စုံတဲ့ တုံ့ပြန်ခြင်းလည်း မဟုတ်ဘူး။ သူတို့ရဲ့ ပုဂ္ဂိုလ်ရေးတွေ၊ ကိုယ်ရေးကိုယ်တာ နည်းနည်းလေး ထိလာတဲ့ အခါမှာ သို့မဟုတ်လည်း ရည်မှန်းချက် မပြည့်စုံတဲ့အခါမှာ သူတို့ရဲ့တုံ့ပြန်ချက်မျှသာ ဖြစ်တယ်။ အဲဒီဟာ ကျနော်တို့ ဘာမှ မပြောဘူး” ဟု ဆိုသည်။

သို့သော် ရွေးကောက်ပွဲ ၀င်ရန် မှတ်ပုံတင်ထားသည့် ပါတီများအနေဖြင့် ပါတီများ ဖျက်သိမ်းပြီး ၂၀၁၀ ရွေးကောက်ပွဲကို ဆန့်ကျင် သပိတ်မှောက်မည် ဆိုပါက ထောက်ခံကြိုဆိုမည်ဟု ဦးဝင်းတင်က ပြောကြားသည်။

ပြည်ထောင်စု ဒီမိုကရေစီ ပါတီ ဥက္ကဋ္ဌဖြစ်သူ ဦးဖြိုးမင်းသိမ်းနှင့် နာယကအဖွဲ့ဝင်တဦး ဖြစ်သူ ဦးညိုထွန်းတို့ ပါတီမှနုတ်ထွက်ကာ ရွေးကောက်ပွဲ ၀င်တော့မည် မဟုတ်ကြောင်း ပြောဆိုခဲ့ပြီး ယမန်နေ့ကလည်း အမျိုးသားဒီမိုကရေစီအင်အားစု (အန်ဒီအက်ဖ်) ပါတီခေါင်းဆောင် ဦးခင်မောင်ဆွေက ရွေးကောက်ပွဲမ၀င်ရန် ဆုံးဖြတ်လိုက်ကြောင်း ပြောဆိုခဲ့သည်။

source by : ခေတ်ပြိုင်

......................
နိုင်ငံရေး ပါတီများ စာရွက်စာတမ်း ရိုက်နှိပ် ထုတ်ဝေရန် ခက်ခဲ

ခင်ဦးသာ | စစ်အစိုးရက ဦးဆောင် ကျင်းပမည့် အထွေထွေ ရွေးကောက်ပွဲတွင် ပါဝင် ယှဉ်ပြိုင်ရန် ပြင်ဆင် နေကြသည့် နိုင်ငံရေး ပါတီများ၏ ပါတီမူဝါဒဆိုင်ရာ စာရွက် စာတမ်းများကို ပုံနှိပ်တိုက်များက ရိုက်နှိပ် မပေးရဲသည့် အတွက် ပါတီ တချို့ အခက်အခဲ ဖြစ်နေကြောင်း သိရသည်။

“ပုံနှိပ်တိုက် တွေက ရိုက်မပေး ရဲကြတော့တဲ့ အတွက် ဒုတိယ အကြိမ် ထုတ်မယ့် စာစောင် အတွက် အခက်အခဲ ဖြစ်နေတယ်” ဟု ဒီမိုကရက်တစ် ပါတီ(မြန်မာပြည်) ၏ အထွေထွေ အတွင်းရေးမှူး ဒေါ်သန်းသန်းနုက ဧရာဝတီကို ပြောသည်။

ဒီမိုကရက်တစ် ပါတီမှ မန္တလေး၌ ပထမ အကြိမ် ထုတ်ဝေ ခဲ့သော စာစောင်တွင်“ ကလိမ်ကကျစ်” ဟူသော စာသားကြောင့် နိုင်ငံရေး ပါတီများ စာပေ ထုတ်ဝေခွင့် စိစစ်ရေးဌာနမှ ဒဏ်ငွေ ၂ သိန်းကျပ် အပြင် “ကဒေါင်း” ဟူသည့် စာသားကြီးနေခြင်း ကြောင့်လည်း ဒဏ်ငွေ ၇ သောင်းကျပ် ကို စာပေ စိစစ်ရေးသို့ ပေးဆောင် ရကြောင်းလည်း သိရသည်။

ဒဏ်ကြေး ဆောင်ရမည့် ငွေအား အာမခံကြေး ပေးထားရသည့် ငွေ ၅ သိန်းကျပ်မှ ဖြတ်ယူမည်ဖြစ်ပြီး ပါတီမှ အစားထိုး ပြန်ဖြည့် ပေးသွားရမည်ဟု ဒေါ်သန်းသန်းနုက ရှင်းပြသည်။

နိုင်ငံရေး ပါတီများသည် စာအုပ်၊ စာစောင် ထုတ်ဝေခွင့် ရရေး အတွက် စာပေစိစစ်ရေးသို့ မှတ်ပုံတင်ကြေး ၁ သိန်းကျပ်နှင့် အာမခံကြေး ၅ သိန်းကျပ်ကို ကြိုတင် ပေးထားရကြောင်း သိရသည်။ ထိုကြေးများသွင်းပြီးမှသာ စာစောင် ထုတ်ဝေခွင့် လက်မှတ် (န.သ) လိုင်စင် ရရှိကြောင်း၊ န.သ လက်မှတ်ပါရှိပါက မည်သည့် ပုံနှိပ်တိုက်တွင် မဆို ရိုက်နှိပ် ပိုင်ခွင့် ရှိကြောင်း မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေး ပါတီ၏ ဒု ဥက္ကဋ္ဌ ၂ ဦးတင်မောင်အေးက ရှင်းပြသည်။

“ပုံနှိပ်တိုက်တွေက ကြောက်ကြတာတော့ အမှန်ပဲ၊ ဘာကြောင့်လဲ ဆိုတော့ စာလုံးလေး တလုံးမှားတာကအစ သူတို့မှာ တာဝန်ရှိ နေတဲ့ အတွက်ပါ၊ မတော်တဆ မှားသွားရင် သူတို့ အတွက် နစ်နာမှုကလည်း ကြီးတယ်”ဟု ဦးတင်မောင်အေးက ဆိုသည်။

မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေး ပါတီ အနေဖြင့် စာစောင် ထုတ်ဝေခွင့် ဥပဒေ မထုတ်ခင်ကသာ စာစောင် ထုတ်ဝေခဲ့ပြီး လက်ရှိတွင် အကန့်အသတ်များနေ၍ မထုတ်ဖြစ်သေးကြောင်း၊ မဲဆွယ် စည်းရုံးရေး ကာလ ရောက်မှသာ အခြေအနေအရ လုပ်ဆောင်သွားမည် ဟုလည်း ၎င်းက ဆက်ပြောသည်။

“ပြဿနာ တက်လို့ စက်အသိမ်းခံရရင် သိန်းထောင်ချီ ဆုံးရှုံးသွားနိုင်တယ်”ဟု ပြည်တွင်းထုတ် ဂျာနယ် တစောင်၏ ဖြန့်ချိရေး တာဝန်ယူထားသူ တဦးကလည်း ဆိုသည်။

ပုံနှိပ်စက် အများစုသည် မူလ တင်သွင်းသည့် လုပ်ငန်းရှင်မှ တဆင့် ၀ယ်ထားယူကြခြင်း ဖြစ်သည့် အပြင် အခွန်ဆောင်ကြေး လည်း မြင့်မားနေခြင်း တို့ကြောင့် အများစုမှာ မှတ်ပုံတင် လုပ်မထားကြကြောင်း သိရသည်။

စစ်အစိုးရ အာဏာပိုင်များသည် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ(ကြံ့ဖွံ့) ၏ လုပ်ဆောင်မှုမှ လွဲ၍ တခြားသော နိုင်ငံရေး ပါတီများ၏ လုပ်ဆောင်ချက်များကို ထက်ကြပ်မကွာ စောင့်ကြည့်၍ ကန့်သတ်မှုအမျိုးမျိုး၊ ဥပဒေ အမျိုးမျိုး ထုတ်၍ လုပ်ဆောင် နေသည်ဟု ရွေးကောက်ပွဲဝင်ရန် ပြင်ဆင်နေသူ ပြည်ထောင်စု ဒီမိုကရေစီပါတီ(UDP)၏ ဥက္ကဋ္ဌသစ် ဦးသိန်းဌေးက ဧရာဝတီသို့ ပြောသည်။

ဦးသိန်းဌေးသည် စစ်အစိုးရက ဦးဆောင် ကျင်းပမည့် ရွေးကောက်ပွဲသည် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲဖြစ် လာမည် မဟုတ်ဟု ဆိုကာ ပါတီ ဥက္ကဋ္ဌ နေရာမှ နုတ်ထွက် သွားသော ဦးဖြိုးမင်းသိန်း နေရာတွင် တာဝန်ယူထားသူဖြစ်သည်။

“ကျနော်တို့ ပါတီတွေ လုပ်နေတာတွေကို အမြဲတမ်း စောင့်ကြည့်တယ်၊ ပြီးရင် လုပ်ဆောင်ချက်တွေ အပေါ် မူတည်ပြီး ဥပဒေတွေ တခုပြီး တခု လိုက်ထုတ်တယ်၊ ပါတီတွေ အနေနဲ့လည်း ကြံ့ခိုင်ရေး ပါတီရဲ့လုပ်ရပ်တွေကို ရင်ဆိုင်ဖို့ ပြင်ဆင် ထားရမယ်၊ လက်တွဲ မဖြုတ်ကြဖို့ အရေးကြီးပါတယ်”ဟု ဦးသိန်းဌေးက ဆိုသည်။

UDP အနေဖြင့် ပါတီ၏ စာရွက် စာတမ်းများ၊ စာစောင်များ ထုတ်ဝေခြင်း တို့ကို အခက်အခဲများ ရှိသော်လည်း၊ စက်တာဘာလ ၁၀ ရက် နောက်ပိုင်း မဲဆွယ် စည်းရုံးရေး ကာလတွင် လုပ်ဆောင် သွားမည်ဟု ၎င်းကဆက်လက် ပြောဆိုသည်။

စစ်အစိုးရက အထွေထွေ ရွေးကောက်ပွဲအား နိုဝင်ဘာလ ၇ ရက်နေ့၌ ကျင်းပ ပြုလုပ်မည်ဟု သြဂုတ်လ ၁၃ ရက် နေ့တွင် ကြေညာ ထားသည်။

နိုင်ငံရေး ပါတီ တည်ထောင်ခွင့်နှင့် ဆက်လက် တည်ထောင်ခွင့် လျှောက်ထားသည့် ပါတီ ၄၇ ပါတီ ဖြစ်ပြီး မှတ်ပုံတင်ခွင့် လျှောက်ထားသည့် ၄၂ ပါတီကို ခွင့်ပြုပြီး ဖြစ်သည်။ ထို ၄၂ ပါတီ အနက် ၂၇ ပါတီက ပါတီဝင် အင်အား စာရင်း တင်ပြပြီး ဖြစ်သည်။

source by : ဧရာဝတီ

0 ယောက်ရဲ့ထင်မြင်ချက်: