8/27/2010

ကြက်သွန်နီဈေး (၂) ဆ ကျော်တက်

စိုးမိုး | တရုတ် ဘက်သို့ ကြက်သွန်နီ တင်ပို့မှု ရှိလာသဖြင့် ကြက်သွန်ဈေး နှစ်ဆကျော် ပြန်တက်လာကြောင်း ဘုရင့်နောင် ဈေးကွက်အတွင်းမှ သိရသည်။

ပြီးခဲ့သည့် ဇူလိုင်လ အတွင်းက ကြက်သွန်နီ အကောင်းစား တပိဿာ (၁၈၀) ကျပ်မှ ယခု သြဂုတ်လ လယ်ပိုင်းတွင် အကောင်းစား တပိဿာ (၄၂၅) ကျပ်ထိ ဈေးတက်လာခြင်းဖြစ်သည်။

“အ၀င်နည်းလာတယ်။ ခါတိုင်းက ကြက်သွန်ကား အစီး (၂၀) ၀င်နေကြကနေ အခု (၁၀) စီးလောက်ပဲ ၀င်တော့တယ်။ ကြက်သွန်က မန္တလေးဈေးကွက်ကနေ တရုတ်ကို သွားနေတယ်” ဟု ဘုရင့်နောင် ကြက်သွန် ကုန်သည် တဦးက ပြောသည်။

ရန်ကုန်မြို့ ဘုရင့်နောင် ဈေးကွက် အတွင်း ကြက်သွန်နီ ၀င်ရောက်မှု ထက်ဝက် လျော့ကျပြီး ကြက်သွန် တောင်သူများ အရှုံးပေါ်သည်ထိ ကျဆင်းနေသည့် ကြက်သွန်နီဈေး (၂) ဆကျော် ပြန်တက်လာခြင်းဖြစ်သည်။

ယခုနှစ် ဇူလိုင်လမှ သြဂုတ်လလယ် အထိ ဘုရင့်နောင် ကုန်စည်ဒိုင်သို့ နေ့စဉ် ခြောက်ဘီးကားဖြင့် ကြက်သွန်နီ ပိဿာချိန် နှစ်သိန်း ၀န်းကျင် (ကား အစီး ၂၀ ခန့်) ဝင်ရောက်ခဲ့ရာမှ သြဂုတ်လဆန်းပိုင်းမှ စတင်၍ မန္တလေး ဈေးကွက်သို့ ပြန်လည် စီးဆင်းသဖြင့် ရန်ကုန် ဈေးကွက်သို့ တရက်လျှင် ပိဿာချိန် တသိန်းဝန်းကျင် (ကား ၁၀ စီးခန့်) သာ ၀င်ရောက် တော့ကြောင်း ဈေးကွက်အတွင်းမှ သိရသည်။

ယခုကဲ့သို့ ကြက်သွန်နီ ဈေးနှုန်း ပြန်လည်မြင့်တက်လာသော်လည်း ကြက်သွန်စိုက် တောင်သူများ အကျိုးခံစားခွင့် မရှိကြောင်း ကြက်သွန်ပွဲရုံများက ဆိုသည်။

စစ်အစိုးရ ကူးသန်း ရောင်းဝယ်ရေး ၀န်ကြီး ဌာနက ပြည်တွင်း စားသုံးမှု ဖူလုံရေး အတွက်ဟု ဆိုကာ ပြည်ပ တင်ပို့ခွင့် ပိတ်ပင်ထားခဲ့သဖြင့် ကြက်သွန်နီ ပေါ်စက တပိဿာ ကျပ် (၁၀၀) ၀န်းကျင်သာ ရှိပြီး တောင်သူများ အရှုံးပေါ်ခဲ့သည်။

“အခု ဈေးတက် လာတယ် ဆိုပေမယ့် မနှစ်က ဈေးကို မမီသေးဘူး။ မနှစ်က ဒီချိန်ဆို အညံ့စား တပိဿာ (၆၂၅) ကျပ်ကနေ ရှယ်က (၉၇၅) ကျပ်အထိ ဖြစ်သွားတယ်။ တရုတ်က ပြန်သွင်းရတယ်။ ဒါပေမယ့် ဗမာ စားသုံးသူက တရုတ် ကြက်သွန်ကို မကြိုက်ဘူး။ ဗမာ ကြက်သွန်နီကျတော့ အပြင် ဈေးကွက်တွေက ကြိုက်တယ်” ဟု ဘုရင့်နောင်ပွဲရုံ လုပ်ငန်းရှင်က ဆိုသည်။

လက်ရှိအချိန်တွင် တရုတ် ဈေးကွက် တင်ပို့နေသည့် မန္တလေးဈေးကွက်သို့ ကြက်သွန်နီတင်ပို့မှု များနေသဖြင့် ရန်ကုန်ဝယ်လက် အများစုမှာ ခွဲတမ်းဖြင့် ဝယ်ယူနေရကြောင်း သိရသည်။

မြန်မာ လယ်ယာ လုပ်ငန်းတွင် စစ်အစိုးရက သီးနှံဈေးနှုန်း ကြိုတင်ခန့်မှန်းပေးမှု၊ အထွက်နှုန်း ကြိုတင် ခန့်မှန်းပေးမှု၊ ဈေးကွက် အနေအထားနှင့် ကိုက်ညီအောင် သီးနှံစိုက်ပျိုးမှု စသည်တို့ကို တောင်သူများထံ လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်း ၀န်ကြီးဌာနက ထုတ်ပြန်မပေးနိုင်ခြင်း၊ လယ်သမားများ ထုတ်လုပ်သည့် သီးနှံများ အရှုံးခံ မရောင်းရရေး အတွက် ကူးသန်း ရောင်းဝယ်ရေး ၀န်ကြီးဌာနက စီစဉ် မပေးနိုင်ခြင်းကြောင့် မြန်မာ့ လယ်ယာ ထုတ်ကုန် ဈေးကွက်မှာ နှစ်စဉ် ဈေး ကမောက် ကမဖြင့် တောင်သူရော ကုန်သည်ပါ အခက် တွေ့နေရခြင်း ဖြစ်သည်။

source by : ခေတ်ပြိုင်

0 ယောက်ရဲ့ထင်မြင်ချက်: