ဗြိတိန်နှင့်ဂျာမန် လေယာဉ်မှူးနှစ်ဦး သမိုင်းတွင် ပထမဆုံးအကြိမ် ပူးတွဲပျံသန်း

Planet|ဗြိတိန်နိုင်ငံမှ တိုက်လေယာဉ်မှူး တစ်ဦးသည် သမိုင်းတလျှောက် ပထမဆုံးအကြိမ်အဖြစ် ဂျာမန်လမ်းပြ လေသူရဲတစ်ဦး၏ အကူအညီဖြင့် စစ်ရေးတာဝန်တစ်ရပ် ထမ်းဆောင်ခဲ့ကြောင်း သိရသည်။ ဗြိတိန်တော်ဝင် လေတပ်မှ လေသူရဲနှင့် ဂျာမန်လေသူရဲတို့သည် ဂျာမန်လေတပ်မှ Tornadoအမျိုးအစား တိုက်လေယာဉ်ကို မောင်းနှင်ကာ အာဖဂန်နစ္စတန် ကောင်းကင်ယံတွင် ပြီးခဲ့သည့် ဒီဇင်ဘာနှင့် ဇန်န၀ါရီလများက ပျံသန်းရေးတာဝန် ထမ်းဆောင်ခဲ့ကြောင်း တော်ဝင်လေတပ်က ကြေညာသည်။ ပထမကမ္ဘာစစ်နှင့် ဒုတိယကမ္ဘာစစ်အတွင်း အကြီးကျယ်ဆုံး လေကြောင်းတိုက်ပွဲများ ဆင်နွှဲခဲ့သလို အခါးသီးဆုံး ရန်သူများအဖြစ် ရပ်တည်ခဲ့သော နိုင်ငံနှစ်ခု၏ လေတပ်များအတွက် ယခုပျံသန်းသည့် ခရီးစဉ်သည် သမိုင်းဝင်ဖြစ်ရပ်တစ်ခုအဖြစ် မှတ်တမ်းဝင်ခဲ့သည်။
တော်ဝင်လေတပ်က NATOတပ်ဖွဲ့အတွင်း တာဝန်ထမ်းဆောင်နေသည့် လေယာဉ်မှူးနှစ်ဦး အတူတကွ ပျံသန်းခဲ့ခြင်းအား အတည်ပြုခဲ့သော်လည်း လေယာဉ်မှူး နှစ်ဦး၏ အမည်ကို ကြေညာခြင်း မရှိပေ။ ယင်းလေယာဉ်သည် နှစ်လအတွင်း (၁၈)ကြိမ်မျှ ပျံသန်းကာ အာဖဂန်တွင် အကြမ်းဖက်သမားများအား တိုက်ခိုက်ခဲ့ကြောင်း ဗြိတိန်ကာကွယ်ရေး ၀န်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။ ဂျာမန်လေတပ် Luftwaffeသည် အာဖဂန်စစ်ပွဲအတွက် Tornadoအမျိုးအစား ဗုံးကြဲတိုက်လေယာဉ် (၁၁၅)စင်းအား အသုံးပြုလျက်ရှိသည်။ ယင်းလေယာဉ်များတွင် လေဆာလမ်းညွှန်စနစ်သုံး ပေါင်(၅၀၀ Paveway IVဗုံးများနှင့် Brimstone ဝေဟင်မှ မြေပြင်ပစ် ဒုံးကျည်များ ပါဝင်သည်။ ယခုပျံသန်းမှုများအတွက် ဂျာမန်လေတပ် Luftwaffeက ဗြိတိသျှ တော်ဝင်လေတပ်ထံမှ တိုက်လေယာဉ်မှူး တစ်ဦးအား မိမိတို့ လမ်းညွှန်လေယာဉ်မှူးနှင့် တွဲဖက်ပျံသန်းပေးပါရန် ပန်ကြားခဲ့ခြင်းဖြစ်ကြောင်းလည်း သတင်းရရှိသည်။
0 ယောက်ရဲ့ထင်မြင်ချက်:
Post a Comment