4/08/2010

ဗြိတိန်ရွေးကောက်ပွဲ မေလ၆ရက်တွင် ကျင်းပမည်ဟု ဂေါ်ဒွန်ဘရောင်းပြောကြား

Planet|မေလ(၆)ရက်နေ့တွင် ဗြိတိန်နိုင်ငံ၏ ရွေးကောက်ပွဲကို ကျင်းပသွားမည်ဖြစ်ကြောင်း ၀န်ကြီးချုပ် ဂေါ်ဒွန်ဘရောင်းက ဧပြီလ(၆)ရက်နေ့က အတည်ပြု ပြောကြားလိုက်သည်။ အဲလိဇဘက် ဘုရင်မကြီးနှင့် တွေ့ဆုံပြီးနောက် မိနစ်(၂၀)ကြာ ပြောကြားခဲ့သည့် မိန့်ခွန်းအတွင်း ဘရောင်းက ယခုလို ရွေးကောက်ပွဲရက်ကို တရားဝင် ကြေညာခဲ့ခြင်းဖြစ်သည်။

(ရွေးကောက်ပွဲကျင်းပမည်ဟု ကြေညာနေသည့် ဂေါ်ဒွန်ဘရောင်းနှင့် ဝန်ကြီးအဖွဲ့ဝင်များ)



ဘရောင်းအနေနှင့် ယခုရွေးကောက်ပွဲတွင် ဗြိတိန်နိုင်ငံရေးလောကကို (၁၃)နှစ်ကြာ ကြီးစိုးနေသည့် ၎င်း၏လေဘာပါတီအတွက် ကိုယ်စားပြု ယှဉ်ပြိုင်မည်ဖြစ်သည်။ လေ့လာသူများက ယခုဗြိတိန် ရွေးကောက်ပွဲတွင် ဘရောင်းအတွက် အဓိကပြိုင်ဖက်များအဖြစ် လစ်ဘရယ်လ် ဒီမိုကရက်ခေါင်းဆောင် နစ်ခ်ကလာ့ခ်နှင့် ကွန်ဆာဗေးတစ်ခေါင်းဆောင် ဒေးဗစ်ကင်မရွန်တို့က ယှဉ်ပြိုင်လာဖွယ် ရှိနေကြောင်း ခန့်မှန်းထားသည်။ ဗြိတိန်တွင် ဘရောင်း၏ အစိုးရသည် တိုင်းပြည်စီးပွားရေး ကျဆင်းမှုများကြောင့် လူကြိုက်များမှု လျော့နည်းလာချိန်တွင် ကွန်ဆာဗေးတစ်တို့က အမတ်နေရာ အများအပြား ရရှိရန် အခြေအနေ ကောင်းလျက်ရှိသည်။

(ဂေါ်ဒွန်ဘရောင်း၏ အဓိကပြိုင်ဘက် ဒေးဗစ်ကင်မရွန်း ရွေးကောက်ပွဲကြေညာချက်အပြီး မိန့်ခွန်းပြောကြားနေစဉ်)

ဗြိတိန်အရေး သုံးသပ်သူများက ဒုတိယ ကမ္ဘာစစ်နောက်ပိုင်း စီးပွားရေး တိုးတက်မှု အနှေးကွေးဆုံး အနေအထားကို ဖြတ်သန်းခဲ့ရသည့် ဗြိတိန်၏ ရွေးကောက်ပွဲ အောင်မြင်မှုသည် စီးပွားရေး နာလံထမှုအတွက် အကောင်းဆုံး စွမ်းဆောင်နိုင်မည်ဟု ပြည်သူလူထု ယုံကြည်ပေးသည့် ပါတီအတွက် အလားအလာ အရှိဆုံး ဖြစ်နိုင်ကြောင်း ပြောကြားခဲ့သည်။


(ဗြိတိန်ရွေးကောက်ပွဲ အချိန်ဇယား)

ကင်မရွန်ကမူ မိမိသည် လူကြီးလူငယ်၊ ဆင်းရဲချမ်းသာ၊ အဖြူအမည်း၊ အယုတ်အလတ် အမြတ်မရွေး Gayများပါမကျန် အခွင့်အရေး တန်းတူညီမျှ ရရှိစေမည်ဟု ကြွေးကြော်ကတိပြုထားသည်။ ဘရောင်းသည် ပါလီမန်ကို ဖျက်သိမ်းပေးပြီးနောက် ရွေးကောက်ပွဲကို အသစ်ကျင်းပမည်ဖြစ်ပြီး နိုင်ငံ၏ အနာဂတ်အတွက် အမှန်ကန်ဆုံး ရွေးချယ်မှုတစ်ခုကို ပြည်သူများ ပြုလုပ်ပေးနိုင်မည်ဟု ယုံကြည်ကြောင်း သတင်းထောက်များအား ပြောကြားသွားသည်။

0 ယောက်ရဲ့ထင်မြင်ချက်: