4/27/2010

ဒေါ်အောင်ဆန်းစုကြည်က ထိုင်းကို မဝေဖန်ဟုဆို

ဧရာဝတီ | ဒေါ်အောင်ဆန်းစုကြည် စနေနေ့က ပြောကြားသည့် ထိုင်း နိုင်ငံရေး ဆိုင်ရာ သုံးသပ်ချက်များနှင့် ပတ်သက်ပြီး ဝေဖန် ပြောဆိုနေကြခြင်းမှာ နားလည်မှုလွဲခြင်းသာ ဖြစ်သည်ဟု သူ၏ ရှေ့နေ ဦးဉာဏ်ဝင်းက ပြောသည်။

“ဒေါ်အောင်ဆန်းစုကြည်က ထိုင်းအစိုးရကိုလည်း မဝေဖန်ဘူး၊ ဒီမိုကရေစီကိုလည်း မဝေဖန်ဘူး၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို တပ်မတော်က ရေးရင် တည်ငြိမ်တဲ့ အစိုးရတွေ ဖြစ်ဖို့ ခဲယဉ်းတယ်၊ ဒါပဲပြောတာ” ဟု ဦးဉာဏ်ဝင်းက ဧရာဝတီကို ယနေ့ ညနေပိုင်းတွင် ရှင်းပြသည်။

ဒေါ်အောင်ဆန်းစုကြည်သည် AFP သတင်းတွင် ရေးထားသကဲ့သို့ ထိုင်းဝန်ကြီးချုပ်ဟောင်း မစ္စတာ သက်ဆင်၏ အမည်ကို ထုတ်ဖော်ပြောဆိုခြင်း မရှိခဲ့ဟု ဆိုသည်။

AFP သတင်းတွင် “သက်ဆင်က ရွေးကောက်ခံထားရတဲ့သူဖြစ်တယ်၊ ရွေးကောက်ခံထားရသူဆီက အာဏာကို စစ်တပ်က သိမ်းတယ်။ အခြေခံဥပဒေကို စစ်တပ်က ဆွဲထားတယ်” ဟု မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားကြောင်း ရေးသားထားသည်။

ထိန်းသိမ်းခံနေရသူ ဒေါ်အောင်ဆန်းစုကြည်ထံ တခါတရံ သွားရောက် တွေ့ဆုံခွင့်ရသူ ရှေ့နေ ဦးဉာဏ်ဝင်းကို ကိုးကားပြီး AFP သတင်းက ထိုသို့ ရေးသားထားခြင်း ဖြစ်သည်။

AFP သတင်းတွင် ဖော်ပြခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်၏ ထိုင်းနိုင်ငံရေး ဆိုင်ရာ သုံးသပ်ချက်ကြောင့် နိုင်ငံ တကာအမြင်တွင် ထိုင်းနိုင်ငံ၏ ဂုဏ်သိက္ခာကို ထိခိုက်စေသည်ဟု ထိုင်းအထက် လွှတ်တော်အမတ် Prasong Nu luckက ဝေဖန်လိုက်ကြောင်း ထိုင်းဘာသာဖြင့် ရေးသားထားသည့် မတ်တိချွန်း(Matichon) အင်တာနက် စာမျက်နှာတွင် ယနေ့ ဖော်ပြထားသည်။

ဘလော့ဂ် နှင့် လူမှုကွန်ရက် အင်တာနက် စာမျက်နှာ တချို့တွင်လည်း ထိုသတင်း၌ ပါရှိသည့် ဒေါ်အောင်ဆန်းစုကြည်၏ သုံးသပ်ချက်ကို မေးခွန်း ထုတ်နေကြသည်။

ထိုင်းနိုင်ငံသည် ဤနှစ်ပိုင်းအတွင်း နိုင်ငံရေး မတည်ငြိမ်မှုများ ဖြစ်ပေါ်နေသည်။ ဤအတောအတွင်း ၀န်ကြီးချုပ်ဟောင်း မစ္စတာ သက်ဆင်ကို ထောက်ခံသူများက ဘန်ကောက်မြို့တွင် လနှင့်ချီ ဆန္ဒပြလျက်ရှိသည်။ လွှတ်တော် ဖျက်သိမ်းပေးရန် ၎င်းတို့၏ တောင်းဆိုချက်ကိုလည်း ထိုင်းအစိုးရက ပယ်ချထားသည်။

source by : ဧရာဝတီ

0 ယောက်ရဲ့ထင်မြင်ချက်: