3/25/2010

ဝ ဒေသရှိ နတလ ဝန်ထမ်းများကို ခွင့်ရက်ရှည်ပေး ခေါ်ယူ


ခိုင်လင်း | ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ထိန်းချုပ်ရာ ရှမ်းပြည်နယ်၊ အထူးဒေသ (၂) ရှိ နယ်စပ်ဒေသ တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးဝန်ကြီးဌာန (နတလ) လက်အောက်ခံ ဝန်ထမ်းများအား ခွင့်ရက်ရှည်ပေးကာ နအဖက ပြန်လည်ခေါ်ယူနေသည်။

ပညာရေးဝန်ထမ်းများအား ခွင့် (၃) လ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကျန်းမာရေးဝန်ထမ်းများအား ခွင့် (၁) လဖြင့် လစာမပျက် ခွင့်များပေးကာ မတ် (၂၂) ရက်တွင် အကြောင်းကြား ပြန်လည်ခေါ်ယူနေသဖြင့် ယမန်နေ့မှစတင်၍ နယ်စပ်မှ ထွက်ခွာနေကြကြောင်း ပန်ဆန်းဒေသခံတဦးက ပြောသည်။

၎င်းက “ပန်ဆန်းမြို့ကနဲ့ မိုင်းမော၊ မိုင်းပေါက်၊ ဝိန်းကောင်က နတလဝန်ထမ်းတွေ အားလုံး ပြန်နေကြတယ်။ ဝန်ထမ်းအားလုံး (၁ဝဝ) လောက်တော့ ရှိမယ်။ သူတို့ကို ခွင့်ပေးပြီး ခေါ်လို့ ပြန်သွားတာ။ ဝန်ထမ်းတွေ ဒီကို ရောက်တာက ဗိုလ်ချုပ်ကြီး ခင်ညွန့်ရဲ့ အစီစဉ်နဲ့ ရောက်လာတာ။ ၁၉၉၃-၉၄ တုန်းကတည်းက ရောက်နေတာ” ဟု ပြောသည်။



ယခုကဲ့သို့ ဝဒေသထဲက နတလဝန်ထမ်းများအား ခွင့်ရက်ရှည်ပေးခြင်းမှာ ယခင်နှစ်များက မရှိခဲ့ဘဲ နယ်ခြားစောင့်တပ် လက်မခံသည့် ဝတပ်ဖွဲ့အား ထိုးစစ်ဆင်တိုက်ခိုက်နိုင်ရန် ပြင်ဆင်သည့်အနေဖြင့် ဝန်ထမ်းများ၏ လုံခြုံရေးအတွက် ကြိုတင်ခေါ်ယူသည်ဆိုသည့် ဝေဖန်၊ ယူဆမှုများ ရှိလာနေသဖြင့် ဒေသခံလူထုလည်း စိုးရိမ်ပူပန်မှုများ ရှိနေသည်ဟု အဆိုပါ ပန်ဆန်းဒေသခံက ပြောသည်။

နယ်ခြားစောင့်တပ်ဖွဲ့စည်းရန် လက်မခံသည့် အပစ်ရပ်နယ်မြေများအနီးတွင် နအဖစစ်တပ်က လှုပ်ရှားသွားလာ တပ်စွဲခြင်း၊ MIG-29 တိုက်လေယာဉ်များ ပျံပြခြင်း၊ ပြည်သူ့စစ်သင်တန်းများ ပြုလုပ်ခြင်း စသည့် စစ်ရေးလှုပ်ရှားမှုများ လုပ်ပြကာ အပစ်ရပ်နယ်မြေအတွင်း စီးပွားရေးလုပ်ငန်းများ ထိခိုက်စေရန်နှင့် ဒေသခံလူထု စိုးရိမ်ထိတ်လန့်ပြီး ဒေသ မတည်မငြိမ်ဖြစ်စေရန် နအဖဘက်က ရည်ရွယ်လုပ်ဆောင်နေပုံရသည်ဟု တရုတ်-မြန်မာနယ်စပ် စစ်ရေးအကဲခတ်တဦးက ပြောသည်။

၎င်းက “အပစ်ရပ်တွေကို နောက်ဆုံးရက်ချိန်းတွေ ခဏခဏပေး၊ စစ်တိုက်တော့မလို လုပ်ပြနေတာတွေဟာ နအဖက ပရိယာယ်နဲ့ ကစားနေပုံရတယ်။ အခုဆို လူထုတွေက စီးပွားရေး တိုးချဲ့လုပ်ကိုင်တာတွေ မရှိတော့ဘူး။ စစ်ဖြစ်ရင် ပျက်စီးဆုံးရှုံးမှာ စိုးရိမ်တော့ ရှိတဲ့ဟာတွေကို ဟိုရွှေ့ ဒီရွှေ့လုပ်ကြ၊ လူထုတွေကြား စိတ်သောကရောက်နဲ့ အဲလိုဖြစ်အောင် နအဖက လုပ်နေတာ။ ခေါင်းချပြီး မအိပ်ရဲအောင် ဟိုခြောက် ဒီခြောက်လုပ်နေတာ။ နယ်ခြားစောင့်တပ် လက်ခံလာအောင် ဖိအားပေးတာမျိုးပဲ” ဟု ပြောသည်။

ဝတပ်ဖွဲ့သည် နယ်ခြားစောင့်တပ်အသွင်ပြောင်းရန် နအဖနှင့် အကြိမ်ကြိမ်ဆွေးနွေးခဲ့သော်လည်း ပြေလည်မှုမရဘဲ ဖြစ်နေချိန်တွင် နအဖဘက်က ၂ဝဝ၉ ခုနှစ် အောက်တိုဘာ လကုန်ရက်ဟုလည်းကောင်း၊ ဒီဇင်ဘာ လကုန်ရက်ဟု လည်းကောင်း၊ ၂ဝ၁ဝ ခုနှစ် ဖေဖော်ဝါရီ လကုန်ရက်ဟုလည်းကောင်း နယ်ခြားစောင့်တပ် အသွင်ပြောင်းရန် နောက်ဆုံးရက်များ သတ်မှတ်ခဲ့သည်။

ယခုလအစောပိုင်းမှစ၍ ဝတပ်ဖွဲ့အား မတရားအသင်း ကြေညာမည်ဟု သတင်းများ ပေါ်ထွက်ခဲ့ပြီးနောက်ပိုင်း ဝဒေသအနီး စစ်ကြောင်း သွားလာလှုပ်ရှားမှုများ ရှိနေချိန်တွင် ယခုကဲ့သို့ နတလ ဝန်ထမ်းများအား ခွင့်ရက်ရှည်ပေးခဲ့ခြင်းဖြစ်သည်။



source by :NEJ

0 ယောက်ရဲ့ထင်မြင်ချက်: